ရပ်စောက် မေ ၇
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရပ်စောက်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ခု ဘဏ္ဍာရေးနှစ်တွင် အကောင်ထည်ဖော် ဆောင်ရွက်မည့် မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း စီမံကိန်း (VDP)ကျေးရွာများ ရွေးချယ်အတည်ပြုခြင်း အခမ်းအနားကို မေလ ၆ ရက်နေ့ မွန်းလွဲ (၂)နာရီက မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဝင်းက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူးဦးရှေးရယ်က ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်း စီမံကိန်း အကြောင်းနှင့် ကျေးရွာရွေးချယ်ရာတွင် ဦးစီးဌာနရန်ပုံငွေအပြင်ကျေးရွာမှ ထည့်ဝင်ငွေ များဖြင့် ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်လိုသည့် ကျေးရွာများ၊ အကျိုးခံစားရမည့် အိမ်ထောင်စု များသည့်ကျေးရွာများ၊ လမ်းပန်းဆက်သွယ်ရေး လွယ်ကူချောမွေ့မှုနှင့် နယ်မြေလုံခြုံတည်ငြိမ်အေးချမ်းမှုရှိသည့် ကျေးရွာများ၊ ကျေးရွာသူ ကျေးရွာသားများ၏ စိတ်အားထက်သန်မှု၊ စည်းလုံးညီညွှတ်မှုနှင့် တက်ကြွစွာ ဆောင်ရွက်လိုမှုရှိသည့် ကျေးရွာများနှင့် မည်သည့်စီမံကိန်းမှ မရရှိသေးသည့်ကျေးရွာများကို စိစစ်ရွေးချယ်မည် ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ရပ်စောက်မြို့နယ်အတွင်းရှိ ကျေးရွာများမှ မြစိမ်းရောင်ကျေးရွာ (၁)ရွာနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း ကျေးရွာ (၁၅)ရွာတို့ကို ရွေးချယ်အတည်ပြု ပေးခဲ့ကြောင်း သိရသည်။
ရဲထက်ဦး(ပြန် /ဆက်)