ကျုံပျော်မြို့တွင် သွေးလွန်တုပ်ကွေးကာကွယ်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ ကျင်းပ

ကျုံပျော် မေ ၆

သွေးလွန်တုပ်ကွေးရောဂါ‌ကြောင့် အသက်ဆုံးရှုံးမှုမရှိစေရန်နှင့် ထိရောက်စွာကာကွယ် နှိမ်နင်းနိုင်ရန်အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် သွေးလွန်တုပ်ကွေးကာကွယ်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၁၁ နာရီက ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေယျမင်းက မြို့နယ်အတွင်း၌ သွေးလွန်တုပ်ကွေးကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ ထိရောက်စွာ‌ဆောင်ရွက်ရန်နှင့် မိမိတို့အနေဖြင့်လည်း ကျန်းမာရေးဌာနနှင့် ပူးပေါင်း၍ ရပ်ကွက်ကျေးရွာများအတွင်း သွေးလွန်တုပ်ကွေး ကာကွယ်ရေး ဖုံး၊ သွန်၊လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းဖြင့် အဖွင့်အမှာစကားပြောကြားသည်။

ထို့နောက်မြို့နယ် ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ‌အောင်ဇော်မိုးက မြန်မာနိုင်ငံတွင် သွေးလွန်တုပ်‌ကွေးရောဂါ စတင်ခဲ့ပုံနှင့် လက်ရှိကာကွယ်ကုသရေး ဆောင်ရွက်နေမှုများ၊ မြို့နယ်အတွင်း ရောဂါကူးစက်မှုနှင့် သေဆုံးနှုန်းကျဆင်းရေး ဆောင်ရွက်သွားမည့် ကာကွယ်ရေးလုပ်ငန်းများ စသည်တို့ကို ပရိုဂျက်တာဖြင့် ရှင်းလင်းဆွေးနွေးခဲ့သည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲသို့ မြို့မ၊ အထောင်၊ ရေစခန်း၊ ဒိုက်ပျက်နှင့် အင်းရဲစသည့် တိုက်နယ်(၅)ခုတို့မှ ရပ်ကွက်နှင့် ကျေးလက် ကျန်းမာရေးဝန်ထမ်း (၁၁၁)ဦးတက်ရောက်ခဲ့ကြကြောင်း သိရသည်။

လပြည့်ဦး(ပြန်/ဆက်)