ရန်ကင်း မေ ၆
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်လေးများ ဗလငါးတန်ဖွံ့ဖြိုးရေး၊ အမှားအမှန်ကို ဝေဖန်ပိုင်းခြား ဆုံးဖြတ်နိုင်ရေး၊ အမိနိုင်ငံတော်ကို တန်ဖိုးထားချစ်မြတ်နိုး၍ ဖွံဖြိုးတိုးတက်အောင် ကြိုးပမ်းရေးအတွက် လူငယ်များစာပေလေ့လာဖတ်ရှုပြီး ဗဟုသုတကြွယ်ဝစေရန်နှင့် အားလပ်ချိန်တွင် စာပေဖတ်ရှုခြင်းဖြင့် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ စာပေဖတ်ရှုရာမှတစ်ဆင့် အသိပညာ၊ ဗဟုသုများတိုးပွားလာစေရန် ရည်ရွယ်၍ ယနေ့နံနက် ၉:၀၀ နာရီမှ မွန်းတည့် ၁၂:၀၀ အထိ ရန်ကင်းမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ လူငယ့်ဂုဏ်ရည်စာပေဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါစာပေဟောပြောပွဲတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကင်းမြို့နယ်ရုံးမှ မြို့နယ်ဦးစီးမှူး ဒေါ်အိရွှေစင်က လူ ငယ့်ဂုဏ်ရည်စာပေဟောပြောပွဲကို ယနေ့လူငယ် နောင်ဝယ်လူကြီးဖြစ်လာမည့် အနာဂတ်အညွန့်အဖူးလေးများစာပေကို ဂုဏ်ယူစွာ ဖတ်ရှု လေ့လာစေလိုကြောင်းဖြင့် လူငယ့်ဂုဏ်ရည်စာပေဟောပြောပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်စာရေးဆရာအသင်းနာယက ဆရာဦးစိုးမြင့်ဒွဏ်း (အာယုဗေဒ)က အနာဂတ်နိုင်ငံတော်ဖွံဖြိုးတိုးတက်ဖို့ လူငယ်များစာဖတ်ကြစို့ ခေါင်းစဉ်ဖြင့် လူငယ်များလုပ်ငန်းများ ဆောင်ရွက်သည့်အခါတွင် အစီအစဉ်တကျ လုပ်ကိုင်ဆောင်ရွက်နိုင်ရန်များစွာ လိုအပ်ပါကြောင်း၊ သို့မှသာ မိမိလုပ်ကိုင်သည့် လုပ်ငန်းများတွင် အောင်မြင်မှုများစွာ ရရှိနိုင်မည်ဖြစ်ကြောင်း အသိပညာပေးဟောပြောခဲ့ပြီး လူငယ်လူရွယ်များ အနာဂတ်ဖွံဖြိုးတိုးတက်စေရန်အတွက် အကျယ်တဝင့် အသိပညာပေးရှင်းလင်းဟောပြောခဲ့ပါသည်။
ထို့နောက် တက်ရောက်လာကြသော စာပေဝါသနာပါသူ လူငယ်လူရွယ်လေးများက သိရှိလိုသည်များကို မေးမြန်း ဆွေးနွေးခဲ့ကြရာ ဆရာဦးစိုးမြင့်ဒွဏ်း(အာယုဗေဒ)က ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ပြီး လူငယ့်ဂုဏ်ရည် စာပေဟောပြောပွဲကို ကိုဗစ်-၁၉ရောဂါ ကြိုတင်တားဆီးကာကွယ်ရေးဆိုင်ရာ ကျန်းမာရေး ညွှန်ကြားချက်များ နှင့်အညီ ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
အိရွှေစင်( ပြန်/ဆက်)