ဘားအံတက္ကသိုလ် နည်းပြ၊ သရုပ်ပြ ဆရာ၊ ဆရာမများသစ်လွင်ကြိုဆိုပွဲ အခမ်းအနားကျင်းပ

ဘားအံ မေ ၆

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ဘားအံတက္ကသိုလ်တွင် တာဝန်ထမ်းဆောင်ကြမည့် နည်းပြ၊ သရုပ်ပြ ဆရာ၊ဆရာမများသစ်လွင်ကြိုဆိုပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခန့်က ဘားအံတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။

နည်းပြ၊ သရုပ်ပြ ဆရာ၊ဆရာမများ သစ်လွင်ကြိုဆိုပွဲတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ဘားအံတက္ကသိုလ်တွင် ပညာအစွမ်းဖြင့် နိုင်ငံ့တာဝန်ထမ်းဆောင်ကြမည့် ဆရာ၊ ဆရာမ သစ်လွင်များ ကိုလှိုက်လှိုက်လှဲလှဲကြိုဆိုပါကြောင်း၊ ဘားအံတက္ကသိုလ်သည် ပညာတတ်များကို မွေးထုတ်ပေးသည့်နေရာဖြစ်၍ ကရင်ပြည်နယ်အတွက် တန်ဖိုးဖြတ်မရသော အနဂ္ဃရတနာ ဖြစ်ပြီး ကရင်ပြည်နယ် မျက်နှာပန်းလှဖို့ ဂုဏ်တက်ဖို့ တာဝန်ထမ်းဆောင်ကြမည့် ဆရာ၊ ဆရာမတို့၏ တာဝန်သည် ကြီးလေးမြင့်မြတ်လှပါကြောင်း၊ ဆရာ၊ ဆရာမများ အရည်အချင်းပြည့်ဝမှသာ ကျောင်းသား၊ကျောင်းသူများ ပညာရည်မြင့်မားနိုင်မည်ဖြစ်၍ တိုးတက်နေသည့်ခေတ်နှင့်အညီ မိမိတို့၏အရည်အသွေးကို နိုင်ငံတကာအဆင့်မီဖြစ်နေစေရန် အမြဲကြိုးပမ်းနေကြရမည်ဖြစ်ကြောင်း၊ ဆရာ၊ ဆရာမသစ်လွင်များ မဖြစ်မနေ သိရှိလိုက်နာကြရမည့် စည်းကမ်း၊ တာဝန်နှင့်ရှေ့ဆက်ရမည့် လုပ်ငန်းစဉ်များကို စဉ်ဆက်မပြတ်လေ့လာ၊ လိုက်နာသင်ယူကြရမည်ဖြစ်ကြောင်း၊ ဆရာ၊ ဆရာမများသည် ဝန်ထမ်းများဖြစ်သည့်အတွက် ပါတီနိုင်ငံရေးကင်းရှင်းရမည်ဖြစ်ကြောင်း၊ တိုးတက်နေသည့် ခေတ်၊ စနစ်၊ အခြေအနေများနှင့်အတူ နိုင်ငံတော်၏ တာဝန်၊ ပညာရေးဝန်ထမ်း၏ တာဝန်များကို စွမ်းစွမ်းတမံဆောင်ရွက်ကြစေလိုပြီး ဝန်ထမ်းကောင်းမှနိုင်ငံကောင်းမည်ဟူသည့် အချက်ကို အမြဲနှလုံး သွင်းကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ဘားအံတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာစိုးစိုးအေး၊ ဘားအံတက္ကသိုလ်၊ ဝိဇ္ဇာဘာသာရပ်၊ ပါမောက္ခဌာနမှူးနှင့် ဘားအံတက္ကသိုလ်၊ သိပ္ပံဘာသာရပ်၊ ပါမောက္ခဌာနမှူးတို့က ကြိုဆိုနှုတ်ခွန်း ဆက်စကားများပြောကြားပြီး ကရင်ပြည်နယ်ဝန်ကြီးချုပ်က ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနမှ ကရင်ပြည်နယ်၊ ဘားအံတက္ကသိုလ်တွင် တာဝန်ထမ်းဆောင်ရန် မေလ ၅ ရက်နေ့က အသစ်ခန့်ထားပေးခဲ့သည့် နည်းပြ၊ သရုပ်ပြ (၃၁) ဦးအတွက် ငွေကျပ် ၁၅၅၀၀၀၀ (တစ်ဆယ့်ငါးသိန်း ငါးသောင်း)ကျပ်ကို ထောက်ပံ့ပေးအပ်ရာ ဆရာ၊ ဆရာမသစ်လွင်များက လက်ခံရယူသည်။

ယင်းနောက် ဘားအံတက္ကသိုလ်နည်းပြ၊ သရုပ်ပြ ဆရာ၊ ဆရာမသစ်လွင်တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဆရာ၊ ဆရာမသစ်လွင်များအား တစ်ဦးချင်း ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားများ ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)