စဉ့်ကိုင် မေ ၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် တောမကျေးရွာရှိကျောက်ဆည် တက္ကသိုလ်၌ ၂၀၂၂ ခုနှစ်၊ အသစ်ခန့်အပ်လိုက်သော နည်းပြ၊ သရုပ်ပြဆရာ/ဆရာမများအား ကြိုဆိုပွဲကို ယနေ့နံနက်(၉)နာရီခွဲက အဆိုပါ တက္ကသိုလ်ရှိ ဧကရာဇ်ခန်းမတွင်ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပညာရေး၀န်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ကျောက်ဆည်တက္ကသိုလ်ပါမောက္ခချုပ် ဆရာမကြီးဒေါက်တာရီရီဦးကဒုတိယအကြိမ်မြောက်ဆရာ/ ဆရာမ(၁၅)ဦးအား ၀မ်းမြောက်ဂုဏ်ယူစွာ ကြိုဆိုကြောင်း၊ လက်တွဲခေါ်ယူသွားကြမည်ဖြစ်ကြောင်းနှင့် နိုင်ငံ့၀န်ထမ်းဖြစ်လာသည့်အတွက် နိုင်ငံတော်၏ သစ္စာကိုစောင့်သိကြရန်၊ ဌာနမှထုတ်ပြန်ထားသော အချက်များနှင့်အညီ နိုင်ငံ့တာ၀န်ကို စွမ်းစွမ်းတမံ ပူးပေါင်းဆောင်ရွက်သွားကြရန် အမှာစကားအဖြစ် ပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဗိုလ်အောင်မောင်မောင်ကအသစ်ခန့် အပ်လိုက်သော နည်းပြ၊ သရုပ်ပြ ဆရာ/ဆရာမများအား နိုင်ငံ့တာ၀န်၊ ပြည်သူ့တာ၀န်ထမ်းဆောင်ကြသည့် ဒေသအသီးသီးမှ လာရောက်တာ၀န်ထမ်းဆောင်ကြသော နိုင်ငံ့၀န်ထမ်းဖြစ်သည့်အတွက် နိုင်ငံ့၀န်ထမ်း စည်းမျဉ်း၊ စည်းကမ်းဥပဒေကို လိုက်နာကြပါ၊ လေ့လာကြပါ၊ ၀န်ထမ်းကျင့်၀တ်၊ နိုင်ငံ့၀န်ထမ်း သစ္စာအဓိဌာန်(၆)ချက်နှင့်အညီ လိုက်နာဆောင်ရွက်သွားကြရန်၊ ဆရာ့ဂုဏ်၊ နာယကဂုဏ်နှင့်အညီ နေထိုင်ပြုမူသွားကြရန် ကြိုဆိုနှုတ်ဆက်စကားပြောကြားခဲ့ပြီး အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ၊ ဦးဗိုလ်အောင်မောင်မောင်၊ အဖွဲ့၀င်(၁)ဗိုလ်မှူးပြည့်ဖြိုးအောင်၊မြို့နယ်ရဲတပ်ဖွဲ့ ရဲမှူးသိန်းလွင်နှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ကျောက်ဆည်တက္ကသိုလ်မှ ပါမောက္ခချုပ် ဆရာမကြီးနှင့် စီမံအရာရှိများ၊ ပညာရေးအဖွဲ့ပါမောက္ခ(ဌာနမှူး)များ၊ ပါမောက္ခများတက်ရောက်ခဲ့ကြကြောင်း သိရသည်။
၀င်း၀င်းသန်း(စဉ့်ကိုင်)