ပူတာအိုမြို့နယ်၊ နမ်ရှယ်ကျေးရွာ၌ လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

ပူတာအို မေ ၆

ကချင်ပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် ခရိုင်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်း ရရှိစေရေးအတွက် ဖွင့်လှစ်ခဲ့သည့် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက် (၁၁)နာရီအချိန်က ပူတာအိုမြို့နယ် ပမ္မတီးကျေးရွာအုပ်စု၊ နမ်ရှယ်ကျေးရွာ ဟေဗြုန်အေဂျီ အသင်းတော်ဘုရားကျောင်း၌ ကျင်းပပြုလုပ်သည်။

သင်တန်းဆင်းပွဲတွင် ခရိုင်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဆွေလှိုင်ဦးက ဌာန၏ လုပ်ငန်းတာ၀န်များဖြစ်သည့် အိမ်တွင်းအသေးစား စက်မှုလက်မှုလုပ်ငန်းများကို မှတ်ပုံတင်ပေးခြင်းနှင့် အခြေခံပြည်သူများ တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းများ ထူထောင်လုပ်ကိုင်နိုင်စေရန် အသက်မွေး၀မ်းကျောင်းပညာ သင်ကြားပို့ချပေးခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး သင်တန်းသူများကိုယ်စား ဆရာမ ဒေါ်ဆန်ဒေါင်းထီဆားရ်က ကျေးဇူးတင်စကား ပြောကြားသည်။

ထို့နောက် ခရိုင်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူးက သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များ ချီးမြှင့်ပေးအပ်ရာ သင်တန်းသူတစ်ဦးက လက်ခံရယူပြီး ဒုတိယဦးစီးမှူး(သင်တန်းနည်းပြ) ဦးချန်းယော်က သင်တန်းသူများအား သင်တန်းထုတ်ကုန်ပစ္စည်းများကို ထောက်ပံ့ပေးအပ်ရာ သင်တန်းသူတစ်ဦးက လက်ခံရယူသည်။

အဆိုပါသင်တန်းတွင် နမ်ရှယ်ကျေးရွာမှ သင်တန်းသူစုစုပေါင်း (၂၀)ဦး တက်ရောက်ခဲ့ပြီး လက်ဆေးဆပ်ပြာ၊ ခေါင်းလျှော်ရည်၊ ပန်ကန်ဆေးဆပ်ပြာ၊ အ၀တ်လျှော်ဆပ်ပြာ၊ Coffee Scrub ၊ ရေချိုးဆပ်ပြာ၊ မျက်နှာသစ်ဆပ်ပြာ၊ Hand gel ၊ ဆပ်ပြာခရင်မ်နှင့် ဘက်စုံသုံးဆပ်ပြာ ထုတ်လုပ်နည်း (၁၀)မျိုးကို မေလ (၂)ရက်မှ (၆)ရက်နေ့အထိ စာတွေ့လက်တွေ့ သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)