သင်္ဃန်းကျွန်း မေ ၆
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်အတွင်းရှိ လူငယ်လူရွယ်လေးများအနေဖြင့် နွေရာသီအားလပ်ချိန်တွင် စာပေ ဖတ်ရှုခြင်းဖြင့် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ စာပေဖတ်ရှုရာမှတစ်ဆင့် အသိပညာ ဗဟုသုများ တိုးပွားလာစေရန်နှင့် စာပေဖတ်ရှုရာမှတစ်ဆင့် အမှား/အမှန်ကို ဝေဖန်ပိုင်းခြားနိုင်စေရန်အတွက် ရည်ရွယ်၍ ယနေ့မွန်းလွဲပိုင်းအချိန်က ရန်ကုန် အရှေ့ပိုင်းခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပ ပြုလုပ်ခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်လှလှဌေးက စာဖတ်ဝိုင်း ဆွေးနွေးပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး စာရေး ဆရာ အောင်ကြည်ညွန့် (တက္ကသိုလ်)က “ ဘဝလက်ဆောင်ပုံပြင်များ ”စာအုပ်မှ လူငယ်တွေ အနေနဲ့ မည်သည့် အလုပ်ကို လုပ်ကိုင်သည့်အခါတွင်မဆို အစီအစဉ် ကျနာစွာ ဆောင်ရွက်နိုင်ဖို့ များစွာလိုအပ်ပါ ကြောင်း၊ ထိုမှသာ မိမိလုပ်ကိုင်သည့် လုပ်ငန်းများတွင် အောင်မြင်မှုများစွာ ရရှိနိုင်မှာ ဖြစ်ပါကြောင်း စသည်ဖြင့် အသိပညာပေး ရှင်းလင်းဆွေးနွေးခဲ့ပြီး စာရေးဆရာ စိုးမြင့်ဒွဏ်းက “ ဆေးဖက်ဝင်ရဲယိုနှင့်အော်ဂဲနစ်စိုက်ပျိုးရေး” စာအုပ်မှ ရဲယိုပင်မှ လူသားများ၏ ကျန်းမာရေး အတွက် အထောက် အကူပြု ဆေးဖက်ဝင်ပုံများကို လူငယ်လူရွယ်များ ကျယ်ကျယ် ပြန့်ပြန့် သိရှိစေရေးအတွက် အကျယ်တဝင့် အသိပညာပေး ရှင်းလင်းဆွေးနွေးခဲ့ကြသည်။ ထို့နောက် တက်ရောက်လာကြသော စာပေဝါသနာပါသူ လူငယ်လူရွယ်လေးများက သိရှိလိုသည် များကို မေးမြန်းဆွေးနွေးခဲ့ကြရာ စာရေးဆရာကြီးများက ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့ကြကြောင်း သတင်းရရှိပါသည်။
လှလှဌေး