မန္တလေး နိုင်ငံခြားဘာသာ တက္ကသိုလ် နည်းပြ၊ သရုပ်ပြ ဆရာ၊ ဆရာမ အသစ်များ ကြိုဆိုပွဲ ကျင်းပ

ချမ်းအေးသာစံ    မေ   ၆

 နည်းပြ၊ သရုပ်ပြ ဆရာ၊ ဆရာမ အသစ်များ ကြိုဆိုပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀နာရီက မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ မန္တလေး နိုင်ငံခြားဘာသာ တက္ကသိုလ်၊ သီရိရတနာခန်းမတွင် ကျင်းပသည်။

အခမ်းအနားတွင် မန္တလေး နိုင်ငံခြားဘာသာ တက္ကသိုလ်နှစ်ပတ်လည် သီချင်းဖြင့် သီဆိုဖျော် ဖြေခဲ့ပြီး မန္တလေး နိုင်ငံခြားဘာသာ တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ တင့်တင့်က ပညာရေး ကဏ္ဍတိုးတက်ဖို့အတွက် အဓိကထား ဆောင်ရွက်လျက်ရှိကြောင်း၊ “ပညာသည်သာ ရတနာ၊ ဆရာသည်သာ အခရာ” ဆိုသည့်အတိုင်း ပညာတတ် လူစွမ်းအားအရင်းမြစ် မွေးထုတ်ပေးနိုင်ရန် ဆရာက အဓိကကျကြောင်း၊ ဆရာဆိုသည်မှာ အနန္တောအနန္တ   ၅ ပါးတွင် ၁ပါးအပါအဝင် ဖြစ်သည့်အတွက် တပည့်များကို ပညာတက်မြောက်စေရန်၊ ဘဝတစ်သက်တာ အသက်မွေးဝမ်း ကျောင်းနိုင်အောင် သင်ကြားပြသပေးရမည်ဖြစ်ကြောင်း စသည်ဖြင့် ကြိုဆိုနှုတ်ခွန်းဆက် စကား ​ပြောကြားခဲ့သည်။

ထို့နောက် နည်းပြ၊ သရုပ်ပြ ဆရာ၊ ဆရာမ အသစ်များအား ဒုတိယပါမောက္ခချုပ် ဆရာမကြီးများက အမှတ်တရ လက်ဆောင်များ ပေးအပ်ခဲ့ပြီး စီမံ/ဘဏ္ဍာဌာနမှူးက ဝန်ထမ်း စည်းမျဉ်း စည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ အခမ်းအနားသို့ မန္တလေး နိုင်ငံခြားဘာသာ တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ တင့်တင့်နှင့် ဆရာ၊ ဆရာမများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်း၊ မန္တလေး နိုင်ငံခြားဘာသာ တက္ကသိုလ်အနေဖြင့် အရှေ့တိုင်းဘာသာစကားများဖြစ်သည့် မြန်မာ၊ ကိုရီး ယား၊ တရုတ်၊ ဂျပန်၊ ထိုင်းနှင့် အနောက်တိုင်း ဘာသာစကားများ ဖြစ်သည့် အင်္ဂလိပ်၊ ပြင်သစ်၊ ဂျာမန်၊ ရုရှား စသည့် ဘာသာရပ်များကို သင်ကြားပို့ချပေးသည့်အပြင် အထောက်အကူပြု ဘာသာရပ်များအနေဖြင့် ဒဿနိကဗေဒ၊ သမိုင်း၊ ဘာသာဗေဒ၊ နိုင်ငံတကာဆက်ဆံရေးပညာ၊ ပထဝီနှင့် အရှေ့တိုင်းဘာသာရပ်များကိုပါ သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။

ထိပ်ထားနိုင်