ပင်းတယမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကလေးများ ညဏ်စမ်းပဟေဠိပြိုင်ပွဲ ကျင်းပ

ပင်းတယ မေ ၆

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအဆင့်ရုံး(ပင်းတယ) လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် နွေရာသီကျောင်းပိတ်ရက် အားလပ်ရက်တွင် ကလေးများအတွက် ဉာဏ်ရည်မြှင့်မားစေရန် ရည်ရွယ်၍ ညဏ်စမ်းပဟေဠိပြိုင်ပွဲအား ယနေ့နံနက်(၁၀) နာရီက ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးရခြင်းနှင့်ပတ်သက်ပြီး ကျောင်းသား ကျောင်းသူ ကလေးငယ်များ နွေရာသီကျောင်းပိတ်ရက် အားလပ်ရက်တွင် အချိန်ကို အကျိုးရှိစွာ အသုံးချတတ်ရန်၊  ဉာဏ်ရည်ဉာဏ်သွေး တိုးတက်မြင့်မားလာစေရန်၊ လူအများရှေ့တွင် ရဲရဲဝင့်ဝင့် ပြောဆိုတတ်စေရန်၊ တစ်ဦးနှင့်တစ်ဦး ပိုမိုရင်းနှီးချစ်ခင်လာစေရန်၊ တစ်ဦးထံမှတစ်ဦး ကောင်းသော အလေ့အကျင့်များ အတုယူအားကျလာစေရန်၊ လူမှုပတ်ဝန်းကျင်တွင် တက်သိနားလည်ပြီး၊ စွမ်းရည်သွက်လက်၊ ညဏ်ရည်ထက်သည့် အနာဂတ်လူငယ်များ ဖြစ်လာစေရန် စသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပပေးရခြင်းဖြစ်ကြောင်းတို့အား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး(ပင်းတယ)မှ ဦးစီးအရာရှိ ဒေါ်မိုးမိုးထွေးက ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ ဉာစမ်းပဟေဠိပြိုင်ပွဲတွင် ကျောင်းသားကျောင်းသူ (၁၀) ဦးတို့က ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး၊ ဆုရရှိသူများနှင့် ပါဝင်ယှဉ်ပြိုင်ခဲ့သည့် ကလေးများအား ဆုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့သည်။ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး (ပင်းတယ) အနေဖြင့် ကျောင်းသားလူငယ်များနှင့် အများပြည်သူ ဗဟုသုတရရှိစေမည့် ပြပွဲ၊ ပြိုင်ပွဲ၊ ဟောပြောပွဲများ၊ စာဖတ်ဝိုင်းများ၊ Talk Show များ၊ နံရံကပ်စာစောင်များကို လစဉ်စဉ်ဆက်မပြတ် ပြုလုပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အေးအေးလတ်