နောင်တရားမြို့၌ ပအိုဝ်းတိုင်းရင်းသားလူငယ်များ ပအိုဝ်းစာပေစာမေးပွဲကျင်းပ

နောင်တရား မေ ၆

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် ပေါ့အင်အုပ်စု ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှ နောင်တရားမြို့ ပရိယတ္တိစာသင်တိုက် စာဖြေဌာန၌ ယမန်နေ့တွင် ပအိုဝ်းတိုင်းရင်းသားလူငယ်များအတွက် ပအိုဝ်း တိုင်းသားစာပေ စာမေးပွဲကျင်းပပြုလုပ်သည်။

ပအိုဝ်းတိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကို လက်ဆင့်ကမ်းထိန်းသိမ်းနိုင်ရန်အတွက် သံဃာတော်များနှင့် ပအိုဝ်းတိုင်းရင်းသားဆရာများကဦးဆောင်၍ နွေရာသီ ကျောင်းပိတ်ရက်များအတွင်း ပအိုဝ်းတိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမူဗဟိုမှ ဘာသာရပ်(၁၂)မျိုးကို ပဌာန်းသင်ကြားစေပြီးမိမိတို့၏ ကျောင်းသားကျောင်းသူ အရွယ်များနှင့် ကိုက်ညီသည့် ပအိုဝ်းစာပေသဒ္ဒါ၊ ဗုဒ္ဓတရားတော်များဖြစ်သည့် သိဂ္ဂါလောဝါဒ၊ ဗုဒ္ဓတရားတော်မင်္ဂလာတရား(၃၈)ပါး၊ သုစရိုတ်၊ ဒုစရိုက်၊ ဇာတ်ဝတ္ထု(၉)ပုဒ်နှင့် ရိုးရာယဉ်ကျေးမှုအကများကို သင်ကြားပေးခဲ့သည်။

ယခင်နှစ်များတွင် ပင်လောင်းမြို့နယ်နှင့် ဖယ်ခုံမြို့နယ်များ၌ စာစစ်ဌာန (၃၂)ခုဖွင့်လှစ်၍ ပအိုဝ်းတိုင်းရင်းသားစာပေ စာမေးပွဲကိုနှစ်စဉ်ကျင်းပလျက်ရှိသည်။ ပအိုဝ်းတိုင်းရင်းသား စာပေစာမေးပွဲနေ့တွင် ပအိုဝ်းရိုးရာအကများဖြင့်လည်း ဖျော်ဖြေတင်ဆင်ကပြခဲ့ကြောင်း သိရသည်။

ခွန်အောင်(နောင်တရား)