နမ္မတူမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စာရေးဆရာ ဒေါက်တာမတင်ဝင်း၏ “အားပါတဲ့စေတနာစကားများ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်

နမ္မတူ မေ ၆

စာအုပ်စာပေဝါသနာပါသူ (Club) အဖွဲ့ဝင်များစုစည်း၍ စာရေးဆရာ ဒေါက်တာမတင်ဝင်း၏ “အားပါတဲ့စေတနာစကားများ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက် (၁၀)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ဆောင်ရွက်ခဲ့သည်။

စာဖတ်ဝိုင်းတွင် ရှေ့ဦးစွာ နမ္မတူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်စိုးစန္ဒာဝိုင်းက စာအုပ်တစ်အုပ်ရဲ့အပေါ်မှာ တစ်ဦးနှင့်တစ်ဦးမတူညီတဲ့ အတွေးအမြင်သစ်တွေ၊ စာအုပ်မှရရှိသော အသိပညာဗဟုသုတလေးတွေကို တစ်ဦးနှင့်တစ်ဦး မျှဝေနိုင်ရန်နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စာကြည့်တိုက်နှင့်လည်း ရင်းနှီးကျွမ်းဝင်မှုပိုမိုရရှိကာ စာအုပ်စာပေကောင်းများ လေ့လာရှာမှီးတတ်စေရန်ရည်ရွယ်၍ စာအုပ်စာပေဝါသနာပါသူ (Club)အဖွဲ့ဝင်များဖြင့် ပူးပေါင်းကာ စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ “ထူးချွန်ချင်တဲ့စိတ်” စာအုပ်ဖြင့် စာဖတ်ဝိုင်းအားကျင်းပရာ (Book Club)အဖွဲ့ဥက္ကဋ္ဌ ဦးညွှန်အောင်က “အလုပ်များပါစေ၊ အလုပ်မရှုပ်စေနဲ့” ခေါင်းစဉ်ဖြင့် ဦးဆောင်ဆွေးနွေးပြီး၊ အဖွဲ့ဝင် ဦးစိုင်းခွန်ဖက “သစ်သီးစားရင် သစ်ပင်စိုက်သူကို သတိရပါ”  ခေါင်းစဉ်ပါ အကြောင်းအရာများဖြင့် လည်းကောင်း၊ (Woman Club)အဖွဲ့ဥက္ကဋ္ဌ ဒေါ်စမ်းသွင်က “စိတ်လေရင် စံလွဲတတ်တယ်” ခေါင်းစဉ်ပါအကြောင်းအရာများဖြင့် လည်းကောင်း၊ အဖွဲ့ဝင်ဒေါ်သိန်းသိန်းဝင်းက “ဘာပဲလုပ်ရလုပ်ရ အကောင်းဆုံးဖြစ်အောင်လုပ်ပါ” ခေါင်းစဉ်ပါ အကြောင်းအရာများဖြင့် လည်းကောင်း၊ (Youth Club) အဖွဲ့ဝင် ဦးကျော်ညီညီသန့်က “ဦးနှောက်ဆိုတာ စက်လိုပဲ၊ ကြာရှည်မသုံးဘဲထားရင် ပျက်စီးသွားတတ်တယ်” ခေါင်းစဉ်ပါ အကြောင်းအရာများဖြင့် လည်းကောင်း အသီးသီးဆွေးနွေးခဲ့သည်။

ယခုလို စာဖတ်ဝိုင်းဆွေးနွေးပွဲများကို စာအုပ်စာပေဝါသနာပါသူ (Club)အဖွဲ့ဝင်များဖြင့် ပူးပေါင်းကာ လစဉ်စဉ်ဆက်မပြတ် ကျင်းပပြုလုပ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်စိုးစန္ဒာဝိုင်းထံက သိရသည်။

လူမော် (ပြန်/ဆက်)