မောက်မယ် မေ ၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် ဒေသထွက်လိုင်ချီးသီးများ လှိုင်လှိုင်ပေါ်၍ ဆွတ်ခူးရောင်းချရာမှ စျေးကွက်တွင်စျေးကောင်းရရှိပြီး လိုင်ချီးစိုက်တောင်သူများ အဆင်ပြေလျက်ရှိကြောင်းသိရသည်။
လိုင်ချီးသီးသည် အရည်ရွှမ်းသောအသီးဖြစ်ပြီး မရင့်မှည့်သေးသည့်အသီးမှာစိမ်းနေပြီး ရင့်မှည့်သည့်အသီးမှာအနီရောင်သန်းလာပြီးနီလာသည်။ ယခုနှစ်တွင် လိုင်ချီးသီး တစ်ပိဿာလျှင် ၄၀၀၀ ကျပ်မှ ၅၀၀၀ ကျပ်အထိ ပေါက်စျေးရှိကြောင်း လိုင်ချီးခြံပိုင်ရှင် ဦးစိုင်းညွန့်သန်းထံမှ သိရသည်။
မောက်မယ်မြို့နယ်တွင် ဒေသခံတောင်သူများက မိမိဥယျာဉ်ခြံအတွင်းတွင် ရှောက်ချိုပင်များ၊ လိမ္မော်ပင်များ၊ သံပုရာပင်များ၊ လိုင်ချီးပင်များ၊ နှင်းသီးပင်များ၊ သရက်ပင်များ စသည့် ရာသီအလိုက် သီးမှည့်ကြသည့် အသီးအနှံများကို အများအပြားစိုက်ပျိုးကြပြီး တောင်ကြီးပွဲရုံနှင့် အခြားမြို့နယ်များသို့ တင်ပို့ရောင်းချပြီး အပိုဝင်ငွေ ရှာသည်မှာ ဒေသခံရှမ်းတိုင်းရင်းသားများတို့၏ ဘိုးဘွားစဉ်ဆက် မိရိုးဖလာ အစဉ်အလာ အမူအကျင့်တစ်ခုဖြစ်ကြောင်း သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)