တောင်ကြီး မေ ၆
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ တောင်ကြီးမြို့နယ်တွင် မြို့နယ်အဆင့် အခြေခံပညာကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက တောင်ကြီးမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ဒေါ်ခင်သိန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ တောင်ကြီးမြို့နယ်ပညာရေးမှူး ဒေါက်တာသင်းသင်းခိုင်မှ အဖွင့်အမှာစကားပြောကြားရာတွင် စီမံခန့်ခွဲသူများဖြစ်သည့် ကျောင်းအုပ်ကြီးများအနေဖြင့် စနစ်သစ်ပညာရေးနဲ့အညီ ပြောင်းလဲတိုးတက်နေသော သင်ကြားမှုပုံစံများ၊ ပညာရေးမူဝါဒများ၊ စီမံ၊ ဘဏ္ဍာ၊ ပညာရပ်ဆိုင်ရာ အကောင်အထည်ဖော်ဆောင် လိုက်နာရမည့်လုပ်ငန်းစဥ်များကို ယခုအလုပ်ရုံဆွေးပွဲတွင် ဆွေးနွေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကျောင်းအုပ်ကြီးများ အနေဖြင့် ကျောင်းဖွင့်ကာလအမီ ကျောင်းဥပဓိရုပ်ကောင်းမွန်ရေးနှင့် ကျောင်းဝန်းသန့်ရှင်းရေးလုပ်ငန်းများ ကြိုတင်ဆောင်ရွက်ထားကြပါရန်၊ ကျောင်းအပ်နှံရေးလုပ်ငန်းအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ပေးရန်နှင့် မိဘဆရာအသင်း၊ ကျောင်းအကျိုးဆောင်များနှင့် ပူးပေါင်းဆောင်ရွက်ကြရန် ပြောကြားခဲ့သည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို ၂၀၂၂-ခုနှစ်၊ မေလ (၆)ရက်နှင့် (၇)ရက်(၂)ရက်ကြာ ပြုလုပ် သွားမည်ဖြစ်ပြီး ပညာရေးဆိုင်ရာလုပ်ငန်းများ စီမံခန့်ခွဲမှုဆိုင်ရာလုပ်ငန်းများနှင့် ဘဏ္ဍာရေးဆိုင်ရာလုပ်ငန်းများ စသည့်ဘာသာရပ်များကို မြို့နယ်ပညာရေးမှူး ဒေါက်တာသင်းသင်းခိုင်နှင့် နည်းပြ(၄)ဦးတို့က ဆွေးနွေးပို့ချပေးသွားမည်ဖြစ်ကာ အလုပ်ရုံဆွေးနွေးပွဲသို့ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အခြေခံပညာ အထက်တန်းကျောင်းအုပ်(၂၃)ဦး၊ အလယ်တန်းကျောင်းအုပ်(၄၁)ဦး၊ မူလတန်းကျောင်းအုပ် (၁၈၃)ဦး၊ လက်ထောက်မူလတန်းပြတာဝန်ခံ(၄)ဦး စုစုပေါင်းကျောင်းအုပ်ဆရာ/ ဆရာမကြီး (၂၅၁)ဦးတက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
အေးအေးစိုး(ပြန်/ဆက်)