ကော့သောင်းမြို့တွင် အစိုးရပါဋ္ဌိပထပြန်စာမေးပွဲ စာအောင်ဆုနှင်းသဘင် အခမ်းအနား ကျင်းပ

ကော့သောင်း  မေ ၆

ကော့သောင်းမြို့တွင်အစိုးရပါဋ္ဌိပထပြန်စာမေးပွဲ စာအောင်ဆုနှင်းသဘင် အခမ်းအနားကို    ယမန်နေ့  မွန်းလွဲ(၂)နာရီက ကော့သောင်းမြို့ ပြည်တော်အေးသာသနာ့ဗိမ္မာန်တော်တွင်   ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ အခမ်းအနားအား  ဆရာတော်သံဃာတော်များနှင့် တက်ရောက်လာသည့် ဧည့်ပရိသတ်များကနမောတသသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ဖွင့်လှစ်ကြပြီး  ပြည်တော်အေး ကမ္မဋ္ဌာန်းကျောင်းတိုက် ပဓါနနာယက   ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ပရိတ် တရားတော်များ နာယူကြည်ညိုကြသည်။

ယင်းနောက် စစ်ဗျူဟာအဖွဲ့(အခြေချ)ကော့သောင်း၊ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးအောင်ဇော်လင်း၊ ခရိုင်ရဲတပ်ဖွဲ့မှူး  မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများက နိုင်ငံတော်မှကျင်းပခဲ့သည့် ၂၀၂၁ခုနှစ် အစိုးရပါဋ္ဌိပထပြန်စာမေးပွဲတွင် အောင်မြင်ခဲ့ကြသည့်သီလရှင်တစ်ပါးအပါအဝင် စာအောင်ရှင်သာမဏေ(၂၄)ပါးအား စာအောင်ဆုနှင့် အောင်လက်မှတ်များကို ဆက်ကပ်လှူဒါန်းကြပြီး ဆရာတော်သံဃာတော်ကြီးများအား လှူဖွယ်ဝတ္တုများဆက်ကပ်လှူဒါန်းကြကာ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေ၍ ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ် ဆိုဆုတောင်းကာ   အခမ်းအနားအား ရုတ်သိမ်းလိုက်ကြောင်း သိရသည်။          

ကျော်စိုး(ကော့သောင်း)