ကျောက်ပန်းတောင်းမြို့နယ်တွင် မိုးဦးမိုးစတင်ရွာသွန်းသဖြင့် တောင်သူများ စိုက်ပျိုးရေးလုပ်ငန်းခွင် ဝင်ရောက်

ကျောက်ပန်းတောင်း မေ ၆

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်တွင် မေလ(၄)ရက်နေ့ နံနက်ပိုင်းတွင် တစ်ကြိမ်နှင့် ညနေပိုင်းတွင်တစ်ကြိမ် မိုးဦးမိုးစတင်ရွာသွန်းသဖြင့်၊ ယမန်နေ့နံနက်ပိုင်းမှစတင်၍ တောင်သူများ စိုက်ပျိုးရေးလုပ်ငန်းခွင်ဝင်ရောက်နေကြပြီဖြစ်ကြောင်း သိရသည်။

ကျောက်ပန်းတောင်းမြို့နယ်တွင် ယမန်နေ့နံနက်ပိုင်းနှင့် ညနေပိုင်းတို့တွင် မိုးရေချိန်(၂ ဒသမ ၉၉)လက်မ ရွာသွန်းခဲ့ကြောင်း သိရပြီး၊ အဆိုပါ မိုးဦးမိုးဖြင့် အညာတောင်သူများ ဆီထွက်သီးနှံဖြစ်သည့် မြေပဲ၊ နှမ်နှင့် ပဲစင်းငုံများ စတင်စိုက်ပျိုးလုပ်ကိုင်နေကြပြီးဖြစ်သည်။ တောင်သူများမှာ ယခင်နှစ်ကျန် မျိုးချန်ထားရှိ သူများရှိသလို ယခုစိုက်ပျိုးရာသီမှ ကာလပေါက်ဈေးဖြင့် ဝယ်ယူစိုက်ပျိုးကြသည်များရှိရာ၊ မျိုးမြေပဲ(၁) တင်းလျှင် ၇ သောင်းခွဲမှ ၈ သောင်းခွဲအထိ ဝယ်ယူစိုက်ပျိုးကြရကြောင်းနှင့် မျိုးနှမ်းအနေဖြင့် နှမ်းဖြူ တစ်တင်းလျှင် ၇ သောင်းမှ ၈ သောင်းအထိ ဝယ်ယူစိုက်ပျိုးကြရကြောင်း သိရသည်။ “ ကျွန်တော်က တော့ မြေပဲ ကြဲနေတာပါဗျာ…နှမ်းကကျတော့ လူစားဖို့ပဲရတယ်…မြေပဲကကျတော့ လူစာကော..နွားစာကော ရတဲ့အပြင် ကာလ ပေါက်ဈေးလေးတွေကောင်းရင် ကောင်းသလို အဆင်ပြေတော့ ကျွန်တော်တို့ဖက် ကတော့ မြေပဲကိုအား ထားစိုက်ကြတာများပါတယ်…မိုးလေမှန်ရင်တော့ ရမှာပေါ့ဗျာ… ရမှာလည်း အဆင်ပြေကြမှာ..မျိုးဈေးကကြီး..မြေဩဇာဈေးကကြီးနဲ့ဆိုတော့ မိုးလေ ဝသမှန်ပါစေလို့ပဲ ဆုတောင်းနေ ရတာပဲ…ပြီးခဲ့တဲ့ တပေါင်းလ မုန်တိုင်းမိုးနဲ့ အရဲစွန့်ပြီး စိုက်ခဲ့ကြတဲ့ နှမ်းတွေကတော့ ကြားထဲမှာ မိုးဆက်မရတော့ အပင်တွေက မြေကျစ်ပြီး ကြီးမလာနိုင်ပဲ အပင်ပေါက်နဲ့ပဲ အပွင့်ပွင့်ကုန်ကျ တော့ အဲဒီတောင်သူတွေလည်း ပြန်ဖျက်ပြီးပြန်ကြဲနေကြရတာ နှစ်ခါနာဖြစ်ကုန်ကြတာပေါ့ဗျာ…” ဟု ရွာလတ်ကျေးရွာမှ မြေပဲစိုက်တောင်သူ ဦးသိန်းတန်က ပြောပါသည်။ တောင်သူများအနေမှာ  စိုက်ပျိုးရေး သွင်းအားစုများအနေဖြင့် ဇာမဏီကွန်ပေါင်းမြေဩဇာ (၁)အိပ်လျှင် ၆ သောင်း ကျပ်ပေးရပြီး၊ သီးစုံ မြေဩဇာ ၃ စိပ်လျှင် ၆သောင်းခွဲ ပေးရကြောင်းသိရပြီး၊ ထွန်းယှဉ်း ငှါးရမ်းခမှာ တစ်မနက်လျှင် ၁ သောင်း ကျပ်နှင့် နေကုန် ၂သောင်းကျပ်ပေးရကြောင်းနှင့် ထွန်စက်ငှားရမ်းခမှာ တစ်နာရီလျှင် ၂ သောင်း ၅ ထောင်ကျပ်ပေးချေရ ငှားရမ်းရကြောင်း သိရပြီး၊ လုပ်သားငှားရမ်းခမှာ တစ်နေ့လျှင် ၃ ထောင်ကျပ် ဖြစ်ကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)