သီပေါမြို့နယ် ကြက်ခြေနီအသင်းခွဲမှ လေဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့ရေးပစ္စည်းများ သွားရောက်ထောက်ပံ့ပေးအပ်

သီပေါ မေ ၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်နမ့်လန်ကျေးရွာအုပ်စုနှင့် ပန်မိတ်ကျေးရွာအုပ်စုတို့တွင် ဧပြီလ(၁၇)ရက်နေ့နှင့် (၂၈)ရက်နေ့များက မိုးသည်းထန်စွာရွာသွန်း၍ လေပြင်းများတိုက်ခတ်သဖြင့်နေ အိမ်အဆောက်အအုံများ အမိုးလန်ပျက်စီးဆုံးရှုံးခဲ့ရာ ယမန်နေ့မွန်းလွဲပိုင်းက မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ပေးပို့ထောက်ပံ့ပေးအပ်လာသော ထောက်ပံ့ရေးပစ္စည်းများကို မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ဥက္ကဋ္ဌနှင့်တပ်ဖွဲ့ဝင်များက အဆိုပါကျေးရွာအုပ်စုများရှိ လေဘေးသင့်အိမ်ပေါင်း(၁၄၁)အိမ်အား  ထောက်ပံ့ရေး ပစ္စည်းများသွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် နမ့်လန်ကျေးရွာအုပ်စုရှိလေဘေးသင့်နေအိမ်(၈၁)အိမ်၊ နားမခေါ်ကျေးရွာအုပ်စုရှိ လေဘေးသင့်နေအိမ်(၆၀)အိမ်၊ စုစုပေါင်း(၁၄၁)အိမ်တို့အတွက် မိုးကာနှင့် အိမ်ဆောက်ပစ္စည်းများကို မြို့နယ်ကြက်ခြေနီအသင်းခွဲမှ တာဝန်ရှိသူများက ဆက်လက်ထောက်ပံ့ ပေးအပ်ခဲ့ရာကျေးရွာအသီးသီးမှ လေဘေးသင့်ပြည်သူများက လက်ခံရယူခဲ့ကြကြောင်း သိရသည်။

ခင်လေး(သီပေါ၊ ပြန်/ဆက်)