တနိုင်းမြို့၌ (၇၆)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားကျင်းပ

တနိုင်း မေ ၅

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ် (၇၆)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်း အနားကို ယနေ့နံနက် (၉) နာရီက ကင်ဆားရာရပ်ကွက်၊ မြို့နယ်မီးသတ်ရုံး၌ ကျင်းပ ပြုလုပ်သည်။

ရှေးဦးစွာ မြို့နယ်မီးဘေးလုံခြုံရေးကော်မတီ ဥက္ကဋ္ဌ (မြို့နယ်အုပ်ချုပ်ရေးမှူး) ဦးအောင်စိုးက မီးသတ်တပ်ဖွဲ့နေ့ သဝဏ်လွှာဖတ်ကြားခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေး အတွင်းရေးမှူး ရဲမှူးသက်ခိုင်ဦး၊ အဖွဲ့ဝင် ဗိုလ်မှူးတေဇာအောင်နှင့် မြို့နယ်မီးသတ်ဦးစီးမှူး ဦးသန်းယဉ် တို့က အရန်မီးသတ်တပ်ဖွဲ့ဝင်များအား ရာထူး တံဆိပ်တပ်ဆင်ပေးပြီး တပ်ဖွဲ့ဝင်များ ဂျပန် ဂိုးကျဉ်းဘောလုံးပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုချီးမြှင့်ခြင်း၊ မီးသတ်တပ်ဖွဲ့ဝင်များမှ မီးဘေးလုံခြုံရေးနှင့် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် လူနေအိမ်အဆောက်အဦ မီးငြှိမ်းသတ်ရေးသရုပ်ပြခဲ့ကြကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင်ပြသထားသည့် သဘာဝဘေး ကြိုတင်ကာကွယ်ရေး ပစ္စည်း များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက လေ့လာကြည်ရှုခဲ့ကြသည်။

ဝါဝါ(ပြန်/ဆက်)