တိုက်ကြီး မေ ၅
ရန်ကုန်မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP) ကျေးရွာရွေးချယ်ပွဲကို ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျေးရွာရွေးချယ်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ကျော်စိုးကအမှာစကား ပြောကြားခဲ့ပြီး တိုက်ကြီးမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဒေါ်စုသီတာလင်းက လာမည့်ဘဏ္ဍာရေးနှစ်အတွင်း တိုးချဲ့ဆောင်ရွက်မည့် ကျေးရွာများကို ရွေးချယ်ရာတွင်လည်း အခြေခံရမည့်မူများ၊ မြစိမ်းရောင်ကျေးရွာ စီမံကိန်းလက်စွဲစာအုပ်ပါ သတ်မှတ်ချက်များ၊ ဌာနမှ သတ်မှတ်ချက်နှင့် ကိုက်ညီသည့် ကျေးရွာများ၏အခြေအနေများနှင့် မြစိမ်းရောင်ကျေးရွာ စီမံကိန်းဆောင်ရွက်ခြင်းကြောင့် ရရှိလာသည့် အကျိုးကျေးဇူးများအကြောင်းကို ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် မြို့နယ်ဦးစီးမှူးနှင့် စီမံကိန်းတာဝန်ခံများ၊ တိုက်ကြီးမြို့နယ်အုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ မြို့နယ်မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များနှင့်အတူ ၂၀၂၂-၂၀၂၃ခု ဘဏ္ဍာနှစ်တွင်ဌာနမှ သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများနှင့် ကိုက်ညီ သည့် မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း(VDP) တို့ကို ရွေးချယ်ခဲ့ကြကြောင်း သိရသည်။
တိုက်ကြီးမြို့နယ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှစတင် အကောင်အထည်ဖော်ခဲ့ရာ လက်ရှိအချိန်ထိယူနစ်(၄၆)ယူနစ်၊ ကျေးရွာ(၄၉)ရွာရှိကာ စီမံကိန်း လုပ်ငန်းများအောင်မြင်စွာ လည်ပတ်လျက်ရှိပြီး စီမံကိန်းလည်ပတ်ရန်ပုံငွေမှ အတိုးရရှိငွေ၏ (၅၀)ရာခိုင်နှုန်းဖြင့်လည်း လမ်း(၂၅)လမ်း၊ မီးလင်းရေး(၄)ခု၊ မြေထိန်းနံရံ (၁)ခု စုစုပေါင်းလုပ်ငန်း(၃၀)ခုတို့ကိုဖွံ့ဖြိုးရေး လုပ်ငန်းများအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ကြောင်းနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း(VDP)ကို (၂၀၁၅-၂၀၁၆) ဘဏ္ဍာနှစ်မှစတင် အကောင်အထည်ဖော်ခဲ့ရာ လက်ရှိအချိန်ထိ ကျေးရွာ ပေါင်း(၁၀၃)ရွာရှိရာ ကျေးရွာ၏ပကတိလိုအပ်ချက်များဖြစ်သည့် မြေသားလမ်း (၁) လမ်း၊ ဂဝံလမ်း (၄၃) လမ်း၊ ကျောက်ချောလမ်း(၁)လမ်း၊ ကွန်ကရစ်လမ်း (၃၁)လမ်း၊ ကွန်ကရစ်ဘီးလမ်း(၂၁)လမ်း၊ (၃) ပေအကျယ်လူသွားလမ်း(၁)လမ်း စုစုပေါင်း လမ်းအရေအတွက်(၉၈)လမ်း၊ ကွန်ကရစ် တံတား (၂)စင်း၊ ကြိုးတံတား(၁)စင်း၊ Culvert (၂၂)စင်း စုစုပေါင်း တံတားအရေအတွက် (၂၅)စင်းတို့ကို ပြည်သူလူထု ကိုယ်တိုင်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ကြောင်း လည်း မြို့နယ်ဦးစီးမှူးဒေါ်စုသီတာလင်းထံမှ သိရသည်။
ဇင်မင်းထိုက်