ကျောက်မဲမြို့၊ တိလင်ပရိယတ္တိ စာသင်တိုက်တွင် ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာသင်တန်းဖွင့်

ကျောက်မဲ မေ ၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့ ၊တိလင်ပရိယတ္တစာသင်တိုက်၊ ရာပြည့်ဓမ္မာရုံ အတွင်း၌ ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ တက်ရောက်လာကြသည့် ကျောက်မဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးစိုးညွန့်ရွှေနှင့် အဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများနှင့် သင်တန်းသားများက နမောတဿ သုံးကြိမ် ရွတ်ဆို၍ သင်တန်းကို ဖွင့်လှစ်ခဲ့ပြီး သင်တန်းဦးဆောင်နာယကဆရာတော် ဘဒ္ဒန္တ ဝါသဝ(ဓမ္မာစရိယ)ထံမှ ငါးပါသီလနှင့်အနုမောဒနာ တရားခံယူခဲ့သည်။

ယင်းနောက် ကျောက်မဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌက သင်တန်းနှင့်စပ်လျဉ်း၍ တင်ပြ လျှောက်ထားခြင်း၊ သင်တန်းသား၊သင်တန်းသူများအား နားခေါင်းစည်း Mask များနှင့် စာရေးကိရိယာများ ထောက်ပံ့ပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့သည်။

နွေရာသီကျောင်းပိတ်ရက်အတွင်း လူငယ်လူရွယ်များ အချိန်ကို အကျိုးရှိစွာ အသုံးပြု တတ်စေရေး၊ စိတ်ဓါတ်ပိုင်းဆိုင်ရာမြင့်မားစေရေး၊ ယဉ်ကျေးပျူငှာစွာ ပြောဆိုနေထိုင် တတ်စေရေးတို့အတွက် ရည်ရွယ်ပြီး သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ သင်တန်းကာလမှာ မေလကုန်အထိဖြစ်ပြီး သင်တန်းသား/သူ ၆၀ ဦးခန့် တက်ရောက်လျက်ရှိကြောင်း သိရသည်။

မိုင်းထွန်း(ပြန်/ဆက်)