ထန်းတပင်မြို့နယ်တွင် ကာကွယ်ဆေး နှစ်ကြိမ်ပြည့် ထိုးနှံပြီး (၆) လပြည့် ပြီးသူများအား ထပ်ဆောင်းကာကွယ်ဆေး (Booster Dose) ထိုးနှံပေး

ထန်းတပင်(ရန်ကုန်) မေ ၅

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေမှုများကို ကာကွယ် ထိန်းချုပ်နိုင်ရန် အတွက် ကာကွယ်ဆေးနှစ်ကြိမ်ပြည့် ထိုးနှံပြီး (၆) လပြည့်ပြီး သူများအား ထပ်ဆောင်းကာကွယ်ဆေး (Booster Dose) ထိုးနှံပေးခြင်းကို မြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိပြီး ယနေ့ နံနက်ပိုင်းက မြို့နယ်ပြည်သူ့ဆေးရုံကြီးတွင် ကာကွယ်ဆေး နှစ်ကြိမ်ပြည့်ထိုးနှံပြီး (၆) လပြည့်ပြီးသည့် နိုင်ငံ့ဝန်ထမ်းများအား ထပ်ဆောင်း ကာကွယ်ဆေး (Booster Dose) ထိုးနှံပေးခြင်းကို ဆက်လက်၍ ဆောင်ရွက်လျက်ရှိသည်။

ထန်းတပင်မြို့နယ်အတွင်း ကာကွယ်ဆေး ထိုးနှံပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ဆောင်ရွက်လျက်ရှိသလို ကာကွယ်ဆေး ထိုးနှံပေးရာတွင်လည်း ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေး လမ်းညွှန်ချက် များ နှင့်အညီ ကာကွယ်ဆေးကို ထိုးနှံပေးလျက်ရှိကြောင်း လည်းသိရပြီး ယနေ့ မြို့နယ်ပြည်သူ့ဆေးရုံကြီးတွင် ထပ်ဆောင်း ကာကွယ်ဆေး (Booster Dose) လာရောက်ထိုးနှံကြသည့် နိုင်ငံ့ဝန်ထမ်း (၂၆၈) ဦးထိရှိသလို ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလပိုင်းကလည်း နိုင်ငံ့ဝန်ထမ်း (၆၄၀) ဦးတို့ကို ထပ်ဆောင်း ကာကွယ်ဆေး (Booster Dose) ထိုးနှံပေးခဲ့ကြ ကြောင်း လည်းသိရသည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို မြို့နယ်အတွင်း ဦးတည်အုပ်စုများအလိုက် သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာအုပ်စုများတွင် စုရပ်နေရာများခွဲကာ ထိုးနှံပေးခြင်းဖြစ်သလို ကာကွယ်ဆေး ထိုးနှံပြီးစီးမှု ရာခိုင်နှုန်းအနေဖြင့် ရာနှုန်းပြည့်ထိုးနှံပြီးစီး နေပြီဖြစ်ကြောင်းလည်း သိရသည်။

ဇင်မင်းထိုက်(ထန်းတပင်)