ကချင်ပြည်နယ်ဝန်ကြီးချုပ် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ငွေကျပ် သိန်း(၁၅၀၀)ကျော်တန်ဖိုးရှိ လူနာယာဉ် (၁)စီးနှင့် ကိုဗစ်-၁၉ ကာကွယ်ရေးသုံးပစ္စည်းများ လှူဒါန်းမှုကို လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်

မြစ်ကြီးနား မေ ၅

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေါင်ဆန်းပြည်နယ်ခွဲ ပြည်သူ့အစိုးရ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဌာနမှ လှူဒါန်းသည့် မြန်မာငွေကျပ်သိန်း(၁၅၀၀)ကျော် (တရုတ်ယွမ်ငွေ ၅၁၅၃၆၀)တန်ဖိုးရှိ လူနာတင်ယာဉ်တစ်စီးနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးသုံးပစ္စည်းများ လှူဒါန်းပွဲကို ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန်ခန့်က ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်းရှိ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ပြုလုပ်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်ပြီး ကျေးဇူးတင်ဂုဏ်ပြုစကား ပြောကြားသည်။

ထို့သို့ ကျေးဇူးတင်စကားပြောကြားရာတွင် ပြည်နယ်ဝန်ကြီးချုပ်က ကချင်ပြည်နယ်၏ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းစဉ်များ အောင်မြင်စေရေးနှင့် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာစေရေး ယခုလို လှူဒါန်းမှုများအတွက် ပြည်နယ်သူ/ သားများကိုယ်စား အထူးဝမ်းမြောက် ကျေးဇူးတင်ရှိသလို မိမိတို့ အစိုးရအဖွဲ့အနေဖြင့်လည်း မှတ်တမ်းတင် ဂုဏ်ပြုကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အမျိုးသားအပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ယူနန်ပြည်နယ် ပြည်သူ့အစိုးရအဖွဲ့မှ တာဝန်ပေးချက်အရ ပေါင်းဆန်းပြည်နယ်အစိုးရမှ လှူဒါန်းသည့် လူနာတင်ယာဉ်(၁)စီးနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးသုံး ပစ္စည်းများဖြစ်သည့် နှာခေါင်းစည်း Mask(၂၅၀၀၀၀)ခု၊ လက်အိတ် ၉၀၀၀ စုံ၊ Medical Cap (၃၄)ဖာ၊ Sugical Gown (၂၀)ဖာ၊ Shoe Cover (၁၀)ဖာ၊ Face Shield (၃)ဖာ၊ Goggle (၅)ဖာ၊ Protective Mask (၄၂)ဖာ၊ PPE Full set (၅၀)ဖာတို့ကို ကိုယ်စားလှယ်များ၏ ပေးအပ်မှုကို လက်ခံရယူပြီး ကျေးဇူးတင် ဂုဏ်ပြုမှတ်တမ်းလွှာကို ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ လှူဒါန်းသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးသုံး ပစ္စည်းများနှင့် လူနာတင်ယာဉ်တို့အား ကြည့်ရှုစစ်ဆေးခဲ့သည်။

ပြည်နယ်(ပြန်/ဆက်)