တနင်္သာရီ မေလ ၅
ယနေ့ကျရောက်သည့် (၇၆) နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ် မီးသတ်ဦးစီးဌာန က ယနေ့ နံနက် ၇ နာရီမှ ၉နာရီ ၃၀ အထိ ချောင်းငယ်ရပ်ကွက်-ဝင်္ကဘာတောင် ရန်ပြေမာန်ပြေ ရန်အောင်မြေစေတီတော်အတွင်း ပြည်သူ့အကျိုးပြု လုပ်ငန်းများ ဂုဏ်ပြု ဆောင်ရွက်ကြကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် တနင်္သာရီမြို့ နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးမျိုး မျိုးနိုင်က ဦးဆောင်ကြီးကြပ်လျက်မီးသတ် တပ်ဖွဲ့ဝင်များနှင့် တပ်ဖွဲ့ဝင်မိသားစုများ၊ အင်အား (၂၀) ဦးခန့်က တနင်္သာရီမြို့၏ ကျက်သရေဆောင် ဝင်္ကဘာတောင်ပေါ်ရှိ ရှေးဟောင်းသမိုင်းဝင် ရန်ပြေမာန်ပြေ ရန်အောင်မြေစေတီတော်ရင်ပြင်၌ ဓမ္မာရုံ တိုးချဲ့တည်ဆောက်နေသည့် လုပ်ငန်းအတွင်း ရေလောင်းပေးခြင်း၊ လိုအပ်နေသောရေများကို မီးသတ်ရေသယ်ယာဉ်ဖြင့် ရေကန်အတွင်း ရေဖြည့်ထည့်ပေးခြင်း၊ စေတီတော်ရင်ပြင်လျှောက်လမ်းများအတွင်း အမှိုက် သရိုက်များ ရှင်းလင်းခြင်း စသဖြင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများကို ကုသိုလ်ပြု ဆောင်ရွက် ကြကြောင်း မီးသတ်ဦးစီးဌာနမှ သတင်းရရှိသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)