မိတ္ထီလာမြို့နယ်တွင် (၇၆)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားကျင်းပ

မိတ္ထီလာ မေ ၅

မန္တလေးတိုင်းဒေသကြီး၊  မိတ္ထီလာမြို့နယ်တွင် (၇၆)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က စျေးအရှေ့ပြင်ရပ်ကွက်ရှိ ခရိုင်မီးသတ်ဦးစီးဌာနတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးလွှမ်းမိုးအောင်က အဖွင့်အမှာစကားပြောကြားရာတွင် ပြည်ထောင်စု မြန်မာနိုင်ငံအတွင်းမှာ မှီတင်နေထိုင်ကြတဲ့ တိုင်းရင်းသား ပြည်သူများရဲ့ အသက်အိုးအိမ်စည်းစိမ်ဥစ္စာပစ္စည်းများကို မီးဘေးအန္တရာယ်နဲ့ အခြား သော ဘေးအန္တရာယ် အမျိုးမျိုးကနေ ခေတ်အဆက်ဆက် ကာကွယ်စောင့်ရှောက်ခဲ့ပြီး သမိုင်း ဂုဏ်ဒြပ် အစဉ်အလာကြီးမားစွာ ရပ်တည်လာခဲ့တဲ့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ရဲ့ (၇၆)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အခမ်းအနား ဖြစ်ပါတယ်၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ပြည်သူ့ ဝန်ဆောင်မှုလုပ်ငန်းများအား ခေတ်အဆက်ဆက် တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ မီးသတ်သမားကြီး များနဲ့ မျက်မှောက်ခေတ် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများဖြစ်တဲ့ မီးသတ်လုပ်ငန်းဆိုင်ရာတွေကို စွမ်းအားပြည့် တာဝန်ထမ်းဆောင်နေကြတဲ့ မီးသတ်တပ်ဖွဲ့ဝင် အားလုံးကို ဂုဏ်ပြုလိုခြင်းဆိုတဲ့ အလွန်ကောင်းမြတ်တဲ့ ရည်ရွယ်ချက်နဲ့ ဒီနေ့အခမ်းအနားကို ကျင်းပရခြင်းဖြစ်ပါကြောင်း ပြောကြားခဲ့သည်။ ယင်းနောက် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးလွှမ်းမိုးအောင်နှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များက မီးသတ်စက်ကြီးလေ့ကျင့်ခန်းအဖွဲ့လိုက်ပြိုင်ပွဲ မီးသတ်စက်ကလေး လေ့ကျင့်ခန်း အဖွဲ့လိုက်ပြိုင်ပွဲ၊ မီးသတ်ပညာလေ့ကျင့်ခန်းပြိုင်ပွဲနှင့် မီးသတ်နည်းဥပဒေစာမေးပွဲတို့တွင် ဆုရရှိသူများနှင့် ဝတ်စားဆင်ယင်မှု အကောင်းဆုံးစံပြဆု၊ နေအိမ်လိုင်းခန်းသန့်ရှင်းမှုအကောင်းဆုံးဆု ရရှိသူ များအား ဆုများအသီးသီးပေးအပ်ခဲ့ပြီး အခမ်းအနားတွင် ပြသထားသည့် မီးငြိမ်းသတ်ရေးနှင့် ရှာဖွေ ကယ်ဆယ်ရေးပစ္စည်းများကို လိုက်လံကြည့်ရှု့အားပေးခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားကို ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးလွှမ်းမိုးအောင်နှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်အောင်လေးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရ သည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)