ပင်းတယ မေ ၅
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ်(တောင်ပိုင်း) ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် ဆိုင်ကယ်ပြုပြင်ခြင်း သင်တန်းဖွင့်ပွဲအား ယနေ့နံနက် (၁၀) နာရီ အချိန်က နန်းကုန်းကျေးရွာအုပ်စု၊ ပင်စိမ်းပင်ကျေးရွာ၊ စာသင်ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးကျော်မိုးလွင်က မိမိတို့မြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိစေရန်နှင့် အသက်မွေးဝမ်းကြောင်းအတွက် အထောက်အကူဖြစ်စေရေး ရည်ရွယ်ဆောင်ရွက်ရခြင်းဖြစ်ပြီး၊ သင်တန်းမှရရှိခဲ့သော အတွေ့အကြုံများကိုလက်တွေ့ အသုံးချဆောင်ရွက်ကြရန် လိုအပ်ကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ယင်းနောက် ပင်းတယမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကျော်မှ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှုများနှင့် ဆိုင်ကယ်ပြုပြင်နည်း သင်တန်း ဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
၂၀၂၂-၂၀၂၃ ခုဘဏ္ဍာရေးနှစ်၊ အသက်မွေးဝမ်းကြောင်းအထောက်အကူပြု ဆိုင်ကယ်ပြုပြင်နည်း သင်တန်းအား ပင်းတယမြို့နယ်၊ နန်းကုန်းကျေးရွာအုပ်စု၊ ပင်စိမ်းပင်ကျေးရွာ စာသင်ကျောင်း၌ မေလ (၅) ရက်နေ့မှ မေလ(၂၄) ရက်နေ့အထိ ရက်(၂၀) ကြာ လက်တွေ့သင်ကြား ပေးသွားမှာဖြစ်ပြီး အဆိုပါသင်တန်းအား ဆိုင်ကယ်အသုံးပြုသူ မည်သူမဆို အခမဲ့လာရောက် တက်ရောက်နိုင်ကြောင်းနှင့် ယနေ့သင်တန်းတွင်သင်တန်းသားဦးရေ စုစုပေါင်း (၂၀) ဦးတက်ရောက် သင်ကြားခဲ့သည်။ ထိုဆိုင်ကယ်ပြုပြင်နည်းပညာသင်တန်း ဖွင့်လှစ်ကျင်းပခြင်းအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျေးရွာရပ်မိ/ရပ်ဖများ တက်ရောက်ခဲ့ကြောင်း သိရသည်။
အေးအေးလတ်(pindaya)