တာမွေ မေ ၅
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ်ထိန်းချုပ် နိုင်စေရန်အတွက် ရည်ရွယ်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်း များက တာမွေမြို့နယ် ကျိုက္ကဆံ လမ်းမကြီးပေါ်ရှိ အလုပ်သမားဆေးရုံကြီး (ရန်ကုန်)၌ မြို့နယ်အတွင်းရှိ ပြည်သူများအား ရုရှားသမ္မတနိုင်ငံမှ လှူဒါန်းထားသော Spuntnik Light အမျိုးအစား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ထပ်ဆောင်းထိုးနှံ ပေးလျက်ရှိရာ ယနေ့အထိ မြို့နယ်အတွင်းရှိ ပြည်သူ(၃၇၃၇)ဦးကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထပ်ဆောင်း ထိုးနှံပေးနိုင်ခဲ့ပြီး ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီမှ သိရသည်။
ထိုကဲ့သို့ ကိုဗစ်-၁၉ရောဂါ ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံပေးရာတွင် လူစုလူဝေး မဖြစ်ပေါ်စေရေးနှင့် လာရောက်ထိုးနှံ သူများအနေဖြင့် အဆင်ပြေချောမွေ့စွာ ထိုးနှံနိုင်စေရေးအတွက် မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်း ကော်မတီဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များ၊ မြို့နယ် အရန်မီးသတ် တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြနီအသင်း တပ်ဖွဲ့ဝင်များ၊ မြို့နယ်အတွင်းရှိ လူမှုကူညီရေး ပရဟိတအသင်းဝင်များနှင့် ရပ်မိရပ်ဖ များက ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ လက်ကို စနစ်တကျ ဆေးကြောစေခြင်းနှင့် တစ်ဦးနှင့်တစ်ဦး (၆)ပေအကွာမှ တန်းစီ စောင့်ဆိုင်း စေခြင်း အပါအဝင် လိုအပ်သည်များကို ဝိုင်းဝန်းပူးပေါင်းကူညီ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
“အခုလိုထပ်ဆောင်း ကာကွယ်ဆေးထိုးထားခြင်းအားဖြင့် ရောဂါကူးစက်နိုင်ခြေက ရာခိုင်နှုန်းနည်းတဲ့အတွက် လာရောက် ထိုးနှံဖြစ်တာပါ။ နောက်တစ်ခုက ကိုယ်ကဆေးထိုးထားတယ်ဆိုပြီး ပေါ့ဆစွာ မနေဖို့ပါ။ အရင်လို အိမ်အပြင်ထွက်တိုင်း ပါးစပ်/ နှာခေါင်းစည်းတပ်ပါ။ အရာဝတ္ထုများ ကိုင်တွယ်ပြီးတိုင်းနှင့် အိမ်အပြင်မှ ပြန်လာပြီးတိုင်း လက်ကို လက်သန့်ဆေးရည်(သို့) လက်ဆေး ဆပ်ပြာရည်နှင့် စနစ်တကျ ဆေးကြောကြပါ။ နေ့စဉ် မိမိတို့ရဲ့ လူနေမှုဘဝမှာ ကျန်မာရေးနှင့်အညီ နေထိုင်သွားလာ စားသောက်ကြပါလို့ တိုက်တွန်းချင်ပါတယ်”ဟု တာမွေမြို့နယ်ရှိ ကျောက်မြောင်းကြီးရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ဆိုသည်။
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်တွင် ယနေ့အထိ ကိုဗစ်-၁၉ရောဂါ ထပ်ဆောင်း ကာကွယ်ဆေး ထိုးနှံပြီးသည့် ပြည်သူ(၃၇၃၇)ဦးအထိရှိကြောင်း၊ ကိုဗစ်-၁၉ရောဂါ ထပ်ဆောင်းကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသေးသူများကို လည်း ဆက်လက်ထိုးနှံပေးလျက် ရှိကြောင်းနှင့် မြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့်လည်း ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန် ထားသည့် လမ်းညွှန်ချက်များအား အမျိုးသားရေးအသွင်ဖြင့် မှတ်ယူပြီး တိကျစွာ ဆက်လက်လိုက်နာခြင်းဖြင့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်း ကော်မတီက စဉ်ဆက်မပြတ် အသိပညာပေး နှိုးဆော်လျက်ရှိကြောင်း သတင်းရရှိပါသည်။
နိုင်လင်းအောင်