လယ်ဝေးမြို့နယ်ရုံး Community Centreတွင် နွေရာသီ အခြေခံတိုက်ကွမ်ဒို အားကစားသင်တန်းဆင်းပွဲကျင်းပ

လယ်ဝေး  မေ ၅

ပြည်ထောင်စုနယ်မြေ၊ ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့အတွင်းရှိ လူငယ်လူရွယ်များ ကျန်း မာကြံ့ခိုင်ပြီး ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလနှင့် ဘောဂဗလစသည့် ဗလငါးတန် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်အတွက် လယ်ဝေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် နွေရာသီ အခြေခံ တိုက်ကွမ်ဒိုအားကစားသင်တန်းကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ယမန်နေ့ ညနေ (၄)နာရီက သင်တန်းဆင်းပွဲကျင်းပခဲ့သည်။

သင်တန်းဆင်းပွဲတွင်  နေပြည်တော် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်က အဖွင့်အမှာစကားပြောကြားပြီး သင်တန်းနည်းပြ ဆရာဦးထွန်းထွန်းနိုင်က သင်တန်းသားများအား အခြေခံတိုက်ကွမ်ဒို သင်တန်းသင်ကြား ပေးရခြင်း၏ အဓိကရည်ရွယ်ချက်များနှင့် သင်ကြားပို့ချပေးခဲ့သည့် အားကစားအမျိုးအစား များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက်အလှူရှင်များအား ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်နှင့် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမေစုအောင်တို့က ဂုဏ်ပြုမှတ် တမ်းလွှာများပေးအပ်သည်။ ဆက်လက်၍ သင်တန်း နည်းပြဆရာအား မြို့နယ်ဦးစီးမှူးက ဂုဏ်ပြုလက်ဆောင်ပေးအပ်ကာ တာဝန်ရှိသူများက သင်တန်းသားများအား သင်တန်းဆင်း လက်မှတ်များ ပေးအပ်ချီးမြှင့်သည်။

အဆိုပါ နွေရာသီ အခြေခံတိုက်ကွမ်ဒိုအားကစားသင်တန်းကို လယ်ဝေးမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ဧပြီ(၂၁)ရက်နေ့မှ မေလ(၄)ရက်နေ့အထိ (၂)ပတ်ကြာ သင်ကြားပို့ချခဲ့ပြီး အဆင့်မြင့်ဂျူဒိုသင်တန်းကိုလည်း ဆက်လက်ဖွင့်လှစ်သင် ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

နေဇော်ချစ်