မြဝတီမြို့၌ လူငယ်လူရွယ်များ လူမှုအကျိုးပြုလုပ်ငန်းများဆောင်ရွက်နိုင်ရေး အခြေခံရှေးဦးသူနာပြုစုနည်း သင်တန်းဖွင့်

မြဝတီ မေ ၅

နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း လူငယ်လူရွယ်များအချိန်ကို အကျိုးရှိစွာအသုံးချပြီး အခြေံခံရှေးဦး သူနာပြုစုနည်းများကို သိရှိကာ ၎င်းတို့၏ မိသားစုနှင့်ပတ်ဝန်းကျင်တွင် အခြေံခံရှေးဦးသူနာပြုစုနည်းများဖြင့် လူမှုအကျိုးပြုခြင်းများ ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ အခြေခံရှေးဦးသူနာပြုစုနည်းသင်တန်းဖွင့်ပွဲကို ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာနတွင် ယမန်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မာမာရီက သင်တန်းဖွင့်လှစ်ပို့ချရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြား သည်။ ထို့နောက် မြဝတီမြို့ နယ်ပညာရေးမှူး ဦးမြင့်ဦးက အမှာစကားပြောကြားပြီး မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့မှ မြို့နယ်တပ်ဖွဲ့မှူး ဦးအောင်သွင်ဦးက သင်တန်းတွင် ပို့ချသွားမည့် သင်ခန်းစာများကို ရှင်းလင်း ပြောကြားသည်။

ထို့နောက် မြို့နယ်ပညာရေးမှူး ဦးမြင့်ဦးက သင်တန်းတွင် လိုအပ်သည်များ အသုံးပြုနိုင်ရန်အတွက် အလှူငွေ တစ်သိန်းကျပ်အား ပေးအပ်လှူဒါန်းရာ ခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မာမာရီက လက်ခံရယူပြီး ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

အဆိုပါ သင်တန်းကို မြဝတီမြို့နယ်ရှိ အခြေခံပညာအလယ်တန်းကျောင်းများမှ ကျောင်းသား၊ကျောင်းသူ ၄၀ ဦးတက်ရောက်ပြီး မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ မြို့နယ်တပ်ဖွဲ့မှူး ဦးအောင်သွင်ဦး ဦးဆောင်သော တပ်ဖွဲ့ဝင်များမှ သုံးရက်ကြာစာတွေ့လက်တွေ့ ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

ထိန်လင်းအောင်(ပြန်/ဆက်)