ချမ်းမြသာစည် မေ ၅
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်အတွင်းရှိ မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးမှူးရုံးတွင် (၇၆)နှစ်မြောက်၊ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားကို ယနေ့နံနက် ၇ နာရီကကျင်းပ ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဝဏ္ဏကျော်ထင် ဦးမောင်ကို၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးကြီးအောင်ဇော်ထွေး၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်မင်းနှင့် အစိုးရအဖွဲ့ဝင်များ၊ တိုင်းအဆင့် ဌာနဆိုင်ရာများ၊ စစ်ရေးပြနှင့် သရုပ်ပြ မီးသတ်တပ်ဖွဲ့ဝင်များ၊၊ ကျောင်းသား/သူများနှင့် ဖိတ်ကြားထားသူများ၊ စုစုပေါင်း အင်အား(၄၇၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
အခမ်းအနားတွင် ဝန်ကြီးချုပ်က (၇၆)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အဖွင့်အမှာစကားပြော ကြားပြီးနောက် စစ်ရေးပြတပ်ခွဲမှ ချီတက်အလေးပြုခြင်း၊ မီးငြိမ်းသတ်ရေး စွမ်းရည်နှင့် ရှာဖွေကယ်ဆယ်ရေး သရုပ်ပြသခြင်းများကို အစီအစဉ်အလိုက်ကျင်းပဆောင်ရွက်ခဲ့သည်။
၎င်းနောက် ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့၀င်များ၊ တာ၀န်ရှိသူများ၊ ဌာနဆိုင်ရာများ၊ တက်ရောက်လာသူများက ပြခန်းအတွင်း ခင်းကျင်းပြသထားသော မီးသတ်ပစ္စည်းကိရိယာများအား လှည့်လည်ကြည့်ရှုခဲ့ကြောင်း သတင်းရရှိပါသည်။
ခင်စိမ်း၀င်း