သာစည် မေ ၅
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် (၇၆)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်မီးသတ်ဦးစီးဌာန၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။
ရှေးဦးစွာ နံနက် ၆ နာရီတွင် နိုင်ငံတော်ဩဝါဒါစရိယ သာစည်မြို့ ဓမ္မာလင်္ကာရရေအား လျှပ်စစ် ကျောင်းတိုက်ဆရာတော်အမှူးပြုသော ဆရာတော်ငါးပါးတို့အား အရုဏ်ဆွမ်း၊ ဘောဇဉ်နှင့် လှူဖွယ် ဝတ္ထုတို့ကို ဆပ်ကပ်လှူဒါန်းပြီး ရေစက်ချတရားနာယူကြသည်။ ဆက်လက်ပြီး နံနက် ၁၀ နာရီတွင် အခမ်းအနားကိုကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးသက်ကျော် က (၇၆)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ်မိန့်ခွန်းပြောကြားသည်။ ထို့နောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အထိမ်းအမှတ်အဖြစ် မီးသတ်တပ်ဖွဲ့ဝင်ငါးဦးတို့က ဆီကန်မီးလောင်မှု မီးငြိမ်းသတ်နည်းကို သရုပ်ပြပြုလုပ်ခဲ့ကြောင်း သိရသည်။ အလားတူ ယခင်ရက်များက မြို့နယ်မီးသတ်ဦးစီးမှူး ဦးထွန်းထွန်းဝင်း ဦးဆောင်၍ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ်အဖြစ် ဘုရား စေတီများ၊ ဘုန်းတော်ကြီးကျောင်းများ၌ သန့်ရှင်းရေးဆောင်ရွက်ခြင်းနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
ထွန်းထွန်း (မြို့နယ်၊ ပြန်/ဆက်)