မလှိုင်မြို့နယ်တွင် (၇၆)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားကျင်းပ

မလှိုင် မေ ၅

မလှိုင်မြို့၊ အမှတ်(၃)ရပ်ကွက်ရှိ မြို့နယ်မီးသတ်ဦးစီးဌာနတွင် (၇၆)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားကို ယနေ့ နံနက်(၉)နာရီအချိန်က ကျင်းပခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်က မိန့်ခွန်း ဖတ်ကြားရာတွင် “၁၉၄၆ခုနှစ်၊ မေလ(၅)ရက်၊ တနင်္ဂနွေနေ့တွင် ရန်ကုန်မြို့၊ ကန်တော်ကလေးရှိ ဇိနတ်အစ္စလာမ်မိန်းခလေးကျောင်းတွင် မြန်မာတစ်ပြည်လုံးမှာရှိ စေတနာ့ဝန်ထမ်းမီးသတ်တပ်ဖွဲ့ဝင် များ၊ မီးသတ်အစည်းအရုံးဝင်များဖြင့် ပထမအကြိမ် ဗမာနိုင်ငံလုံးဆိုင်ရာ မီးသတ်အစည်းအရုံးကြီး ညီလာခံကို ကျင်းပနိုင်ခဲ့ကြောင်း၊ ပထမဆုံးအကြိမ် ဗမာနိုင်င်ငံလုံးဆိုင်ရာ မီးသတ်အစည်းအရုံးကြီး ညီလာခံကျင်းပခဲ့တဲ့နေ့ တစ်နည် းအားဖြင့် မီးသတ်တပ်ဖွဲ့ဝင်များ စည်းလုံးညီညွတ်ခဲ့တဲ့နေ့ကို အစွဲပြုလျက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အဖြစ် သတ်မှတ်ပြီး နှစ်စဉ်ပြုလုပ်ကျင်းပခဲ့ရာမှ မီးသတ်တပ်ဖွဲ့နေ့အဖြစ် စတင်သန္ဓေတည် ပေါ်ထွန်းလာခဲ့ခြင်းဖြစ်ကြောင်း၊ အနာဂတ်မှာ ရင်ဆိုင် ကြုံတွေ့လာနိုင်တဲ့ မီးဘေးနဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စိန်ခေါ်မှုများကို ညီညွတ်မှုစွမ်းအားဖြင့် အနိုင်ယူကြပါလို့” ဂုဏ်ပြုပြောကြားခဲ့ပါသည်။

ထို့နောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အထိမ်းအမှတ်အဖြစ် အိမ်ထောင်သည်လိုင်းခန်း သန့်ရှင်း သပ်ရပ်မှု အကောင်းဆုံးဆုရ တပ်ကြပ်ကြီးမင်းသန့်နိုင်နှင့်ဇနီး ဒေါ်နွယ်နွယ်ဝင်းတို့အား မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်မှ လည်းကောင်း၊ ဝတ်စားဆင်ယင်မှု သန့်ရှင်းသပ်ယပ်မှုအကောင်းဆုံးဆုရ တပ်သားမင်းမင်းဦးအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် (၁) ဗိုလ်မှူးဌေးသန်းမှလည်းကောင်း ဂုဏ်ပြုဆုတံဆိပ်နှင့် ဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့သည်။ ထို့နောက် တက်ရောက်လာကြသော မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ဧည့်သည်တော်များအား မြို့နယ်မီးသတ်ဦးစီးဌာန တပ်ဖွဲ့ဝင်များမှ မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေး စွမ်းရည်သရုပ်ပြသခဲ့ကြောင်း သိရှိရသည်။

အောင်ဌေး(မလှိုင်)