ကျောက်ပန်းတောင်း မေ ၅
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ဈေးကုန်းကျေးရွာအုပ်စု မြိုင်သာယာ ကျေးရွာတွင် ၂၀၂၂ ခုနှစ် မေလ (၃) ရက်နေ့ ညနေ (၃)နာရီ (၄၅) မိနစ်ခန့်က လေပြင်းတိုက်ခတ်မှုကြောင့် ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း (၁) ကျောင်း အမိုးလန် ပျက်စီးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါကျေးရွာတွင် လေပြင်းတိုက်ခတ်မှုကြောင့် ရွာဦးရှိ ဆရာတော်ဘဒ္ဒန္တအဂ္ဂဝံသ သီတင်းသုံး နေထိုင်သည့် (၂) ထပ်ကျောင်းဆောင်တွင် မြှားတန်း (၉) ချောင်းပြုတ်ထွက်သွားပြီး သွပ် (၃၆) ချပ်တို့ အမိုးလန်ပျက်စီးမှုဖြစ်ပွားခဲ့ကြောင်းနှင့် လေပြင်းတိုက်ခတ်မှုနှင့် အမိုးလန်မှုတို့ကြောင့် လူနှင့်တိရစ္ဆာန် ထိခိုက်မှုမရှိကြောင်း သိရသည်။
အဆိုပါ အမိုးလန်ပျက်စီးမှုကြောင့် ဘုန်းတော်ကြီးကျောင်း၏ ဆုံးရှုံးမှုများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်နှင့် တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး၊ အဆိုပါကျောင်းမှ ကျောင်းထိုင်ဆရာတော် အဆင်ပြေစွာ သီတင်းသုံးနေထိုင်နိုင်ရန်အတွက် အမြန် ပြန်လည်ပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ကျေရွာအုပ်စုအုပ်ချုပ်ရေးမှူး၊ ဆယ်အိမ်မှူးများ/ ရာအိမ်မှူးများနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
နေအောင် (ပြန်/ဆက်)