ဒဂုံဆိပ်ကမ်းမြို့နယ် သန့်ရှင်းသာယာ သာယာလှပစေရေးအတွက် သန့်ရှင်းရေးများ အထူးအလေးထား ဆောင်ရွက်

ရန်ကုန် မေ ၅

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ၈၀ရပ်ကွက်၊ ကွမ်းအစ်မင်းသားကြီးလမ်း (ရတနာလမ်းနှင့်မြန္ဒာလမ်း) ကြားတစ်လျှောက် သန့်ရှင်း သာယာလှပပြီး လမ်းအင်္ဂါရပ်များနှင့် ပြည့်စုံညီညွတ်မှုရှိစေရေးအတွက် ခရိုင်/မြို့နယ် စည်ပင်သာယာ အုပ်ချုပ်ရေးမှူးများ၏ စီမံကြီးကြပ်မှုဖြင့် မြို့နယ်စည်ပင်သာယာရေး ကော်မတီမှ သက်ဆိုင်ရာ ဌာနများ ပူးပေါင်း၍ ယနေ့နံနက်ပိုင်းအချိန်က အဆိုပါလမ်း၏ ဘေးဘက်ဝဲ/ယာတစ်လျှောက်တွင် ချုံနွယ်ပိတ်ပေါင်းများနှင့် အမှိုက်သရိုက်များ ရှင်းလင်းခြင်း၊ သစ်ပင်ပန်းမန်များ စိုက်ပျိုးခြင်း၊ လျှပ်စစ်ဓာတ်အား လိုင်းကြိုးများနှင့် မလွတ်ကင်းသည့် သစ်ပင်သစ်ကိုင်းများအား ခုတ်ထွင်ရှင်းလင်းခြင်း၊ ရေနှုတ်မြောင်း များအား ရေစီးရေလာ ကောင်းမွန်စေရေးအတွက် ဆောင်ရွက်ခြင်းနှင့် အမြင်မတင့်တယ်သည်များအား ဖယ်ရှား ရှင်းလင်းခြင်း စသည့်တို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ကွမ်းအစ်မင်းသားကြီး လမ်းတစ်လျှောက် သန့်ရှင်းသာယာ လှပစေရေးအတွက် ဆောင်ရွက်နေမှု အခြေအနေများအား ဒဂုံဆိပ်ကမ်း မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ဦးစိုးလွင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများက လိုက်လံကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန် မှာကြားခဲ့ကြောင်း သိရသည်။

မြို့နယ်အတွင်း သန့်ရှင်းသာယာရေးအတွက် ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ်ဆိပ်ကမ်း မြို့နယ်အတွင်းရှိ အဓိကလမ်းမကြီးများအား လမ်းအင်္ဂါရပ် များနှင့် ပြည့်စုံညီညွတ်မှု ရှိစေရေးအတွက် မြို့နယ်စည်ပင် သာယာရေး ကော်မတီအနေဖြင့် စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိသလို မြို့နယ်အတွင်း သန့်ရှင်း သာယာ လှပစေရေး၊ ရေစီးရေလာ ကောင်းမွန်စေရေး လမ်းပန်း ဆက်သွယ်မှု အဆင်ပြေ ချောမွေ့စေရေးနှင့် မြို့နယ်အတွင်းရှိ ပြည်သူများ၏ လူနေမှုအဆင့်အတန်းများ ဖွံ့ဖြိုးတိုးတက်စေ‌‌ရေးအတွက် စုပေါင်း အင်အား(၂၉)ဦးဖြင့်လည်း အထူးအလေးထား ဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိသည်။

လဲ့လဲ့