မိုင်းဆတ် မေ ၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ မီးခိုးမြူငွေ အန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး TalkShow ဆွေးနွေးပွဲကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့နံနက် (၉)နာရီခွဲက ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ဘက်စုံသုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးအရာရှိ ဒေါ်စန်းစန်းယဉ်က မီးခိုးမြူငွေ့အန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေး TalkShow ဆွေးနွေးပွဲကျင်းပရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး မီးခိုးမြူငွေ့၏ အဓိပ္ပာယ်နှင့် အမျိုးအစားများ၊ မီးခိုးမြူငွေ့ဖြစ်ပေါ်လာသည့် အကြောင်းအရင်းများစသည့်အချက်များကို မေးမြန်းဆွေးနွေးခဲ့ရာ ခရိုင်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဇင်ပွင့်ဖြူက မီးခိုးမြူငွေ့တွင် လေထုညစ်ညမ်းမှုကိုဖြစ်ပေါ်စေသည့် ဖုန်မှုန့်၊ အခိုးအငွေ့နှင့် အလွန်သေးငယ်သည့် အမှုန်အမွှားများ၊ အခြားအငွေ့ပျံ့စေသည့်အရာများ ရောနှောပါဝင်ကြောင်း၊ လောင်စာ လောင်ကျွမ်းခြင်း၊ စက်ရုံအလုပ်ရုံများမှထွက်ရှိသည့်အခိုးအငွေ့များ၊ အမှိုက်မီးလောင်ခြင်းဖြင့် မီးခိုးမြူငွေ့များဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးအရာရှိ ဒေါ်စန်းစန်းယဉ်က ပြည်သူများအနေဖြင့် မီးခိုးမြူငွေ့ဖြစ်ပေါ်စေနိုင်သည့်အချက်များကို မပြုလုပ်မိစေရန် သတိပြုရှောင်ကြဉ်ရေး ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
မြင့်မောင်(မိုင်းဆတ်)