ပင်းတယ မေ ၃
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ် အနီးအနားရှိ ကျေးရွာများတွင် ဒေသထွက်သီးနှံများအား ရာသီအလိုက်စိုက်ပျိုးထားရှိရာ ယခုအခါ ပေါ်ဦး ပေါ်ဖျား ကြက်သွန်ဖြူများလှိုင်လှိုင် ထွက်ရှိပြီဖြစ်၍ တခြားဒေသများသို့ တင်ပို့ရောင်းချ လျက်ရှိကြောင်း သိရသည်။
ပင်းတယမြို့နယ်၊ လယ်ပြင်ကျေးရွာမှ ကြက်သွန်ဖြူ ဧကအများအပြားစိုက်ပျိုးသူ မသင်းက" ကျွန်မ တို့လယ်ပြင်ရွာက ကြက်သွန်ဖြူအများဆုံးစိုက်တယ်။ ကြက်သွန်ဖြူက စိုက်ပျိုးပြီး ခြောက်လ လောက်ဆိုတူးဖော်ရောင်းချလို့ရပီ၊ အရင်နှစ်က တစ်ပိသာကို (၂၀၀၀) ဘဲရှိတယ် ၊ ဒီနှစ်တော့ စျေးတက်လာတယ်။ အခုလက်ရှိပွဲရုံစျေး တစ်ပိသာကို (၃၀၀၀) ကျပ် စျေးပေါက် တယ်၊ စျေးထဲမှာတော့ လက်လီ စျေး(၄၀၀၀) လောက်ထိရောင်းကြတယ်။ စိုက်ပျိုးတဲ့အခါ မှာလည်း ရေလောင်းပေါင်းသင်ပြီး အတော်လေးဂရုစိုက်မှရတယ်၊ အခုလိုကျောင်းပိတ်ရက်တော့ ခလေးတွေလဲဝိုင်းကူပေါ့၊ မိသားစုဝင်ငွေလည်းရတယ်၊ အလုပ်သမားဌားပီးတူးရင် တစ်နေ့ကို နေ့စားခ ၄၀၀၀ ပေးရတယ်၊ ကျွန်မတို့က ဒီတစ်မျိုးတည်း စိုက်တာမဟုတ်ဘူး၊ အလှည့်ကျ သီးနှံအစုံစိုက်တာ၊ တစ်နှစ်ပတ်လုံးဝင်ငွေ ရတာပေါ့" ဟု ပြောပြသည်။
ကြက်သွန်ဖြူများစိုက်ပျိုးရာတွင်မြေ၏ ပကတိအစိုဓာတ်အတိုင်း စိုက်ပျိုးလေ့ရှိကြသော်လည်း မြေပြင်ခြောက်သွေ့သည့် နွေရာသီတွင် မြေအစိုဓာတ် လျှော့နည်းသွားခြင်းမရှိစေရန်အတွက် ရေသွင်း စနစ်ဖြင့်စိုက်ပျိုးကြသည်။ စိုက်ပျိုးပြီးသည့်အခါ ၅ ရက် တစ်ပတ်တစ်ကြိမ် ရေသွင်းရ ကြောင်း၊ ကြက်သွန်ဖြူအတက်တစ်ပိသာစိုက်ပျိုးလျှင် အချိန် (၁၀) ခန့်ထွက်ရှိကြောင်း၊ စိုက်ပျိုးသည့်ကာလမှာခြောက်လခန့်ကြာမြင့်ကြောင်း၊ ယခုနှစ်တွင် ကြက်သွန်ဖြူတစ်ပိသာ ပွဲရုံသွင်းစျေးကျပ် (၃၀၀၀) ခန့်ရှိပြီး၊ လက်လီစျေး အနိမ့်ဆုံး ကျပ်ငွေ ( ၄၀၀၀)မှ အမြင့်ဆုံးစျေး (၄၅၀၀) ထိရှိကြောင်း၊ ယခုရက်ပိုင်းတွင် စျေး ပြန်လည်မြင့်တက်လာကြောင်း သိရသည်။
ပင်းတယမြို့နယ်အနီးကျေးရွာများဖြစ်သည့် လယ်ပြင်၊ ကောင်းဘို့၊ မိုင်းအင်၊ အင်းငယ်၊ သပြေ ကုန်း၊ ကျောက်စု၊ ကိုးလုံး၊ ရွှေပုထိုး၊စသည့်၊ ကျေးရွာများတွင်ကြက်သွန်ဖြူစိုက်ခင်းများ ဧက အများအပြားစိုက်ပျိုးကြသည်။ အိမ်တွင်း မိသားစုစီးပွားရေး တစ်နိုင် တစ်ပိုင်စိုက်ပျိုး ကြသည့်အပြင် စီးပွားဖြစ် ဧက အများအပြား စိုက်ပျိုးကြသူများလည်းရှိသည်။ ရှမ်းပြည်နယ် တောင်ပိုင်း၊ ပင်းတယဒေသထွက်ကြက်သွန်ဖြူများအားရှမ်းပြည်နယ် အရှေ့ပိုင်းရှိကျိုင်းတုံ၊ တာချီလိတ် စသည့် မြို့ကြီးများရှိ ကုန်စိမ်းပွဲရုံများသို့ ဖောက်သည်တင်ပို့ရောင်းချလျက် ရှိကြောင်းနှင့်၊ ကြက်သွန်ဖြူ စိုက်ပျိုးတောင်သူများအနေဖြင့် စီးပွားရေး အဆင်ပြေ လျက်ရှိကြောင်း သိရသည်။
အေးအေးလတ်