ဘားအံ မေ ၃
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကရင်ပြည်နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန၊ ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ် အသက်မွေ းဝမ်းကျောင်းအထောက်အကူပြု အခြေခံမော်တာအပ်ချုပ်စက်သင်တန်း အမှတ်စဉ်(၁)ဖွင့်ပွဲကို ယနေ့ နံနက် ၈ နာရီခန့်က ဘားအံမြို့၊ လှာကမြင်(ကွက်သစ်)ရှိ အဆိုပါဦးစီးဌာန သင်တန်းခန်းမ၌ ကျင်းပခဲ့သည်။
သင်တန်းဖွင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပြုပြင်ပြောင်း လဲမှုများကို တစ်ဆင့်ပြီးတစ်ဆင့်အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာတွင် ပြည်သူ ဗဟိုပြု လူမှုစီးပွားဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ပြီး ဆင်ရဲ နွမ်းပါးမှုပပျောက်ရေးကို ရည်ရွယ်ကြိုးပမ်းဆောင်ရွက် လျှက်ရှိကြောင်း၊ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးလက်နေပြည်သူများ၏ ဆင်းရဲနွမ်းပါးမှုလုပ်ငန်းစဉ်(၈)ရပ် ရွေးထုတ်ချမှတ်ပြီး လုပ်ငန်း ကော်မတီအသီးသီးဖွဲ့စည်းကာ လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ယနေ့ဖွင့်လှစ်သည့် အခြေခံမော်တာအပ်ချုပ်စက်သင်တန်းတွင် အတွေ့အကြုံရှိ သင်တန်းဆရာမ များက မော်တာအပ် ချုပ်စက်ပညာရပ်များကို စာတွေ့လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းသူများအနေဖြင့် မိသားစု ဝင်ငွေရရှိရေးအတွက် ကြိုးစားသင်ယူလေ့လာ၍ အသက်မွေး ဝမ်းကျောင်းလုပ်ငန်းများကို လုပ်ကိုင်ကြစေလိုကာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတွင်လည်း တက်ကြွ စွာပူးပေါင်းပါဝင် ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
အဆိုပါသင်တန်းသို့ ဘားအံမြို့နယ်၊ ကျေးရွာ(၈)ရွာမှ သင်တန်းသူ(၂၀)ဦး တက်ရောက်ကြပြီး သင်တန်းကို မေလ ၂ ရက်နေ့မှ ၃၁ ရက်နေ့ထိ ရက်သတ္တပတ် ၄ ပတ်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ကာ ကရင်ပြည်နယ်အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးခင်ဇော်က သင်တန်းသူများ အား သင်ထောက်ကူပစ္စည်းများ ထောက်ပံ့ ပေးအပ်ခဲ့သည်။
သင်တန်းဖွင့်ပွဲအပြီးတွင် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များက သင်တန်းသူများအား တစ်ဦးချင်းရင်းရင်းနှီးနှီးတွေ့ဆုံပြီး အားပေး စကားများပြောကြားခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)