လားရှိုးမြို့မှ ဒေသအသီးသီးသို့ သယ်ယူပို့ဆောင်ရေးဆောင်ရွက်သည့် ယာဉ်လိုင်းများနှင့် တွေ့ဆုံပွဲကျင်းပ

လားရှိုး မေ ၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့မှ ဒေသအသီးသီးသို့ သယ်ယူပို့ဆောင်ရေးဆောင်ရွက်သည့် ယာဉ်လိုင်းတာဝန်ရှိသူများနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ တွေ့ဆုံပွဲအခမ်းအနားကို လားရှိုးမြို့၊ ကုန်သည်များ နှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းရုံး၊ အစည်းအဝေးခန်းမတွင် ယနေ့နံနက် (၁၀)နာရီ အချိန်ကကျင်းပခဲ့သည်။

ရှေးဦးစွာ လားရှိုးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ခေတ္တဥက္ကဋ္ဌ ဒုတိယရဲမှူးကြီး မြင့်နိုင်ကအဖွင့် အမှာစကားပြောကြားရာတွင် ‘မော်တော်ယာဉ်များအနေဖြင့် သတ်မှတ်ထားသော စည်းကမ်း၊ ဥပဒေများလိုက်နာရေး၊ လူမဲ့ပစ္စည်းပို့ဆောင်ရာတွင် ယာဉ်လိုင်းများအနေဖြင့် တာဝန်ယူမှု တာဝန်ခံမှုရှိစေရေး ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ယာဉ်လိုင်းများအနေဖြင့် လက်တွေ့ကြုံ တွေ့နေရသည့် အခက်အခဲများတင်ပြပေးရန်လိုအပ် ကြောင်း၊ သို့မှသာ တာဝန်ရှိသူများမှ ဥပဒေနှင့်အညီ ညှိနှိုင်းအဖြေရှာ၍ ပေါင်းစပ်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း’ ပြောကြား ပေးခဲ့သည်။ ထို့နောက် ပို့ဆောင်ရေးနှင့် စီမံကိန်းဦးစီးဌာန၊ တွဲဖက်ပြည်နယ်မှူး ဒေါ်စန္ဒာသိန်းက ပို့ဆောင်ရေးနှင့် စီမံကိန်းဦးစီးဌာနမှ ယာဉ်လိုင်းများနှင့် ပတ်သက်၍ ဆောင်ရွက်ပေးနေသည့်များနှင့် ပတ်သက်၍လည်းကောင်း၊ အမှတ်(၁၂၃)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံး၊ ရဲအုပ်ဝင်းဆွေက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများနှင့်ပတ်သက်၍လည်းကောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဌ ဦးဇော်နိုင်ဦးက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အနေဖြင့် ယာဉ်လိုင်းများနှင့်ပတ်သက်၍ ဆောင်ရွက်ပေးနေသည့် လုပ်ငန်းများနှင့်ပတ်သက်၍ လည်းကောင်း အသီးသီးရှင်းလင်း ပြောကြားပေးခဲ့သည်။

ဆက်လက်၍ တက်ရောက်လာကြသော လားရှိုးမြို့မှ ဒေသအသီးသီးသို့ သယ်ယူပို့ဆောင်ရေး ဆောင်ရွက်နေသည့် ယာဉ်လိုင်းပိုင်ရှင်များ၊ ဂိတ်မှူးများ၊ ယာဉ်မောင်းများကမြေပြင်တွင် တွေ့ကြုံနေရသည့် အခက်အခဲများကို ဆွေးနွေးတင်ပြရာတာဝန်ရှိသူများက ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးနိုင်မည့် လုပ်ငန်းစဉ်များကို ပြန်လည်ရှင်းလင်းပေးခဲ့ကြောင်း သိရသည်။

ဟန်ဌေး(လားရှိုး)