ပူတာအိုခရိုင်၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာ၀န်ပေးအပ်ပွဲ အခမ်းအနားကျင်းပ

ပူတာအို မေ ၂

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းကို ရေးဆွဲရာတွင် မိမိတို့၏ ဒေသစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမှုစီပွားဖွံ့ဖြိုးတိုးတက်စေရေးအတွက် နိုင်ငံတော်မှ ချမှတ်ထားသည့် စီးပွားရေးမူဝါဒများ၊ နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်နှင့် မဟာဗျူဟာများအပေါ် အခြေခံပြီး ကချင်ပြည်နယ် အစိုးရအဖွဲ့၏ ဦးစားပေးလုပ်ငန်းအစီအစဉ်များ၊ စီးပွားရေးမူဝါဒ ရည်မှန်းချက်များအတိုင်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ရာ အဆိုပါ ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ(၁)နာရီက ပူတာအိုခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ခရိုင်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ ခေတ္တခရိုင် အုပ်ချုပ်ရေးမှူး ဦးမင်းစိုးက ပူတာအိုခရိုင်၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်း ရည်မှန်းချက်များကို ပြည်နယ်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌမှ ခရိုင်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌအား ဧပြီလတွင် တာဝန်ပေးအပ်ခဲ့ပြီးဖြစ်ပါသဖြင့် ခရိုင်အတွင်းရှိ မြို့နယ်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေး ကော်မတီဥက္ကဋ္ဌများထံ  တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်းနှင့် ဒေသန္တရစီမံကိန်း၏ ကဏ္ဍအလိုက် စီမံကိန်းများနှင့် ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းစီမံကိန်းများကို အကောင်အထည်ဖော်ဆောင် ရွက်မည့်အဖွဲ့အစည်းများ၊ ဌာန ဆိုင်ရာများအနေဖြင့် မိမိတို့အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းများကို တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ဖြင့် စီမံကိန်းရည်မှန်းချက်များအား ပြည့်မီကျော်လွန်အောင် အကောင် အထည်ဖော် ဆောင်ရွက်သွားရန် လိုအပ်ကြောင်း အမှာစကားပြောကြားသည်။

ထို့နောက် ခရိုင်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီ အတွင်းရေးမှူး ကိုယ်စား မြို့နယ် စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီ အတွင်းရေးမှူး ဦးဆရက်ဖုန်ဗေးအောင်က စီမံကိန်း ရည်မှန်းချက်ဆိုင်ရာများကို ရှင်းလင်းပြောကြားပြီး ခရိုင်စီမံကိန်းရေးဆွဲ အကောင် အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦးမင်းစိုးက ပူတာအိုခရိုင်၏ ၂၀၂၂-၂၀၂၃ ဒေသန္တရစီမံကိန်း ရည်မှန်းချက်စာအုပ်များကို ပူတာအို၊ မချမ်းဘော့၊ နောင်မွန်၊ ခေါင်လန်ဖူးနှင့် ဆွမ်ပရာဘွမ်မြို့နယ် စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌများထံ လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း သိရသည်။

ဖုန်ကန်(ပူတာအို)