ဇေယျာသီရိမြို့နယ်၌ အခြေခံအပ်ချုပ်စက်သင်တန်းဖွင့်ပွဲ ကျင်းပ

ဇေယျာသီရိ မေ ၂

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံအပ်ချုပ်စက်သင်တန်းဖွင့်ပွဲကို ဇေယျာသီရိမြို့နယ်၊ ကျည်တောင်ကျေးရွာအုပ်စု၊ သာယာဝှမ်းကျေးရွာ ဘုန်းတော်ကြီးကျောင်း တွင် ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ဥတ္တရခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးစိုးလင်းက မိမိတို့ဌာနအနေဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာ သင်တန်းများဖွင့်လှစ်ပေးလျက်ရှိရာ ယနေ့သင်တန်းသည် အခြေခံစက်ချုပ်သင်တန်းဖြစ်ပြီး ယခုသင်တန်းပြီးပါက ထပ်မံ၍ အဆင့်မြှင့်သင်တန်းကိုလည်း ဖွင့်ပေးသွားမှာဖြစ်ကြောင်း၊ သင်တန်းသား/သူများအနေဖြင့် သင်တန်းတက်ပြီး မိသားစုစီးပွားရေး တစ်ဖက်တစ်လှမ်းမှတိုးပွားလာအောင် ပြုလုပ်ရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ဇေယျာသီရိမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမျိူးဇော်က သင်တန်းသား/သူများအား သင်ထောက်ကူပစ္စည်းများ ပေးအပ်ခဲ့သည်။

အဆိုပါသင်တန်းသို့ ကျည်တောင်ကျေးရွာအုပ်စုမှ သင်တန်းသူ (၂၀) ဦး တက်ရောက်ပြီး ရက် (၃၀)သင်ကြားသွားမည်ဖြစ်ရာ အခြေခံအပ်ချုပ်စက်သင်တန်းတွင် အဖြောင့်ချုပ်ရိုး၊ အကောက်ချုပ်ရိုး၊ အကွေးချုပ်ရိုး၊ လေးထောင့်ချုပ်ရိုး၊ အနားလုံးချုပ်ရိုး၊ အနားလုံးကြီးချုပ်ရိုး စုစုပေါင်း ချုပ်ရိုး/ချုပ်နည်း (၂၀)မျိုး သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)