တံတားဦး မေ ၂
ကျောက်ဆည်ခရိုင် တံတားဦးမြို့ အမှတ်(၂)ရပ်ကွက်ရှိ သမိုင်းဝင် မဟာမင်္ဂလာစေတီဘုရားကြီး၏ အကြိမ်(၄၀)မြောက် ဆွမ်းဆန်တော်လောင်းလှူပွဲကို ယခုနှစ် နယုန်လပြည့်နေ့ (၁၃-၆-၂၀၂၂ ရက်နေ့) မွန်းလွဲ(၁)နာရီအချိန်တွင် အဆိုပါဘုရားစောင်းတန်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
ဆွမ်းဆန်တော်လောင်းလှူပွဲကို နယုန်လပြည့်နေ့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့ပြီး (၁၃၈၂-ခုနှစ်နှင့် ၁၃၈၃ ခုနှစ်) တို့တွင် ကိုဗစ်-၁၉ရောဂါကြောင့် ဆွမ်းဆန်တော်လောင်းလှူပွဲကို ခေတ္တ ရပ်နားခဲ့ရပါကြောင်း၊ ယခုအခါ ကိုဗစ်-၁၉ ရောဂါအခြေအနေမှာလည်း လျော့နည်းလာသည့်အတွက် လူစုလူဝေးကျင်းပပြုလုပ်ခြင်းနှင့် လမ်းညွှန်ချက်များ ဖြေလျှော့ပေးခဲ့သဖြင့် သမိုင်းဝင် မဟာမင်္ဂလာစေတီ ဘုရားဂေါပကအဖွဲ့မှ ကြီးမှူးပြီး ဆွမ်းဆန်တော်လောင်းလှူပွဲကို ယခုနှစ် ၁၃၈၄-ခုနှစ်၊ နယုန်လဆန်း(၁၅)ရက်နေ့တွင် အကြိမ်(၄၀)မြောက် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း၊ ဆွမ်းဆန်တော်လောင်းလှူပွဲနှင့် ပတ်သက်ပြီး နေ့လယ်(၁၂)နာရီအချိန်တွင် ဩဝါဒဆရာတော်ဘုရားများမှ လှူဒါန်းမှုအစုစုအတွက် အနုမောဒနာတရားချီးမြှင့်ပေးသနား၍ ရေစက်သွန်အမျှပေးဝေမည်ဖြစ်ပြီး အဆိုပါနေ့ မွန်းလွဲ(၁)နာရီအချိန်တွင် ဆွမ်းဆန်တော်လောင်းလှူပွဲကို ဆရာတော်၊ သံဃာတော်များအား စာရေးတံမဲ စနစ်ဖြင့် လောင်းလှူမည်ဖြစ်ကြောင်း အလှူရှင်များအနေဖြင့် ကုသိုလ်ပါဝင်လှူဒါန်းပေးစေလိုကြောင်း သမိုင်းဝင်မဟာမင်္ဂလာစေတီဘုရားဂေါပကအဖွဲ့ ဦးမြင့်အောင်ထံမှသိရသည်။
ရဲတင့်