သာကေတမြို့နယ်၌ ၂၀၂၂ ခုနှစ်၊ အစိုးရဓမ္မာစရိယစာမေးပွဲဖြေဆို

သာကေတ မေ  ၁

သာသနာရေးဦးစီးဌာနမှကြီးမှူးကျင်းပသည့် ၂၀၂၂ ခုနှစ်၊ ဓမ္မာစရိယစာမေးပွဲကို သာကေတမြို့နယ် စာဖြေဌာနအတွက် သာကေတမြို့နယ်၊ ဇိနမာရ်အောင်စေတီတော်ဝင်းအတွင်းရှိ ဝိမုတ္တိရသ ဓမ္မဗိမာန်တွင် ယမန်နေ့ မွန်းတည့် ၁၂ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ဓမ္မာစရိယစာမေးပွဲကို မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော် ဘန္ဒန္တသောဘန၊ အကျိုးတော်ဆောင် ဆရာတော် ဘန္ဒန္တကောမလနှင့် မြို့နယ်သံဃနာယက အဖွဲ့ဝင်များ အပါအဝင် ဩဝါဒစရိယဆရာတော်များ၊ ကြီးကြပ်ရေးဥက္ကဋ္ဌအောင်မော်စံဆရာတော် ဘန္ဒန္တအာစိဏ္ဏတို့က အနီးကပ်ကြီးကြပ်ခဲ့ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီအောင်၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးသူရိန်ဇော်၊ မြို့နယ်ရဲတပ်ဖွဲ့ရဲမှူး ဇော်ဝင်းထွန်းနှင့် မြို့နယ်သာသနာရေးမှူး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးတင်ထွန်းတို့က ဓမ္မာစရိယစာမေးပွဲဖြေဆိုသော သံဃာတော်များအား သွားရောက်ကြည့်ရှုကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။

သာကေတမြို့နယ်၌‌‌ဧပြီလ(၃၀)ရက်နေ့မှ မေလ(၂)ရက်နေ့အထိ ပါရာဇိကကဏ္ဍ ပါဠိအဋ္ဌကထာ၌ သံဃာ(၁၈၂)ပါး၊ မေလ(၃)ရက်နေ့မှ(၄)ရက်နေ့အထိ သီလက္ခန္ဓပါဠိကထာ၌ သံဃာ(၁၆၂)ပါး၊ မေလ(၅)ရက်နေ့မှ(၆)ရက်နေ့များတွင် အဋ္ဌသာလိနီပါဠိအဋ္ဌကထာ၌ သံဃာ(၁၇၅)ပါး ဖြေဆိုကြမည် ဖြစ်ပြီး မြန်မာဂုဏ်ထူးတန်းတွင်(၂၉)ပါး၊ ပါဠိဂုဏ်ထူးတန်းတွင်(၃)ပါးနှင့် သီလရှင်(၉)ပါးလည်း ဖြေဆိုမည်ဖြစ်ကြောင်း သိရှိရသည်။

ဆောင်းနှင်းဖြူ(ပြန်/ဆက်)