မြစ်သားမြို့၌ အခြေခံပန်းချီရေးဆွဲနည်း (အခမဲ့)သင်တန်းဖွင့်ပွဲကျင်းပ

မြစ်သား ဧပြီ ၃၀

မန္တလေးတိုင်းဒေသကြီး၊  မြစ်သားမြို့နယ်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနCommunity Centre ခန်းမ တွင် အခြေခံပန်းချီရေးဆွဲနည်း(အခမဲ့)သင်တန်းဖွင့်ပွဲကို ယမန်နေ့ မွန်းလွဲ(၁)နာရီက  ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းဖွင့်ပွဲ၌  မြစ်သားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သီတာအောင်က ကျောင်းသား၊ ကျောင်းသူကလေးငယ်များ မိမိတို့ဌာနမှဖွင့်လှစ်ထားရှိသည့် ပြည်သူ့စာကြည့်တိုက်ကို ရင်းနှီးကျွမ်းဝင်မှုရှိစေရန်နှင့်မိမိနှစ်သက်သည့် ပန်းချီ ရေးဆွဲခြင်းဖြင့် ဦးနှောက်ဉာဏ်ရည် ဖွံ့ဖြိုးစေရန်၊ အနုပညာအရည်အသွေးမြင့်မားလာစေရန်ရည်ရွယ်၍ ယခုလို ပန်းချီရေးဆွဲနည်း သင်တန်း ပြုလုပ်ပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး၊ သင်တန်းနည်းပြဖြစ်သည့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင် ဒေါ်မျိုးသန်းထွေးက ကျောင်းသား၊ ကျောင်းသူကလေးငယ်များအား ပန်းချီပညာသင်ယူမှုနှင့် ပတ်သက်၍ အခြေခံအချက်များအား ရှင်းလင်းပြောကြားပြီးနောက် လက်တွေ့သင်ကြားပေးခဲ့သည်။

၎င်းသင်တန်းသို့ မြစ်သားမြို့ပေါ်ရပ်ကွက်များနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများမှ သင်တန်းသား (၃၃)ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကို  ဧပြီလ ၂၉ ရက်နေ့မှ မေလ ၅ ရက်အထိ(၅)ရက်ကြာ သင်ကြား ပြသပေးသွားမည်ဖြစ်ကြောင်း  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ် ဦးစီးမှူးထံမှ သိရသည်။

သီတာအောင်