မိုးညှင်းခရိုင်၌ ၂၀၂၂–၂၀၂၃ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနားကျင်းပ

မိုးညှင်း ဧပြီ ၂၈

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် ၂၀၂၂–၂၀၂၃ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက်(၁၀)နာရီက စုပေါင်းရုံးရှိ ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ အစည်းအဝေးတွင် ခရိုင်စီမံကိန်း​ရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ ဦးညီညီလွင်က “၂၀၂၂–၂၀၂၃ ဘဏ္ဍာရေးနှစ်သည် မိုးညှင်းခရိုင်အနေဖြင့် စီးပွားရေးပြန်လည် ဦးမော့ လာစေရန် အားပေးဆောင်ရွက်ရမည့် နှစ်တစ်နှစ်ဖြစ်သကဲ့သို့ ဂျီဒီပီတိုးတက်စေမည့် ကုန်ထုတ်လုပ်မှု အကျိုးပြုအသုံးစရိတ်များနှင့် ဒေသဖွံ့ဖြိုးရေးအသုံးစရိတ်များကို ဦးစားပေးရွေးချယ်ခဲ့ပါတယ်။ မိုးညှင်းခရိုင်အနေဖြင့် ၂၀၂၂–၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လုပ်ငန်းအရေအတွက်ပေါင်း (၅၂၃)ခုမှာ စုစုပေါင်းတန်ဖိုးငွေ ကျပ်သန်းပေါင်း (၃၇၁၇၁.၇၂၇)ဖြစ်ပါ တယ်” ဟု ပြောကြားသည်။

ဆက်လက်၍ မိုးညှင်းခရိုင်တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်ချက်များ စာအုပ်ကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီလွင်နှင့် အဖွဲ့ဝင်များက မိုးညှင်းမြို့နယ်၊ မိုးကောင်း မြို့နယ်နှင့် ဖားကန့်မြို့နယ်များမှ မြို့နယ်အုပ်ချုပ်ရေးမှူးများကိုလည်းကောင်း၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများကိုယ်စား ခရိုင်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါက်တာ ကျော်စွာထွန်းကိုလည်းကောင်း၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်ရင်းနှီးမြုပ်နှံမှု လုပ်ငန်းစီမံကိန်းများ စာအုပ်ကို ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများကိုယ်စား ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးသောင်းထိုက်ကိုလည်းကောင်း အသီးသီးလွှဲပြောင်း ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်ချက်များတွင် မိုးညှင်းခရိုင်၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် နှစ်စဉ်စီမံကိန်းရည်မှန်ချက်များ၊ ကဏ္ဍအလိုက် ဆောင်ရွက်သွားမည့် အစီအစဉ်များနှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် နိုင်ငံပိုင်အခန်းရင်းနှီးမြုပ်နှံမှု လျာထားချက်များစသည်တို့ပါဝင်ပြီး မိုးညှင်းခရိုင်အတွင်းရှိ ပြည်သူများ၏ လူမှုစီးပွားဘဝအဆင့်အတန်းများ မြင့်မားတိုးတက်ရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးလုပ်ငန်းစဉ်များ ဆောင်ရွက်နိုင်ရေး၊ သန့်ရှင်းသော သောက်သုံးရေရရှိရေး၊ လျှပ်စစ်မီးရရှိရေး၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေရေးတို့အတွက် ရည်ရွယ်ပြီး နှစ်စဉ်စီမံကိန်းများ၏ ရည်မှန်းချက်များအား ချမှတ်ရေးဆွဲထားရှိကြောင်းကို ခရိုင် စီမံကိန်းဦးစီးရုံးမှ သိရသည်။

ဇွဲသူရအောင်(ပြန်/ဆက်)