ကျောက်မဲမြို့တွင် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ၏ စွမ်းရည်ပြိုင်ပွဲကျင်းပ

 

ကျောက်မဲ ဧပြီ ၂၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ ပြည်သူ့ဆေးရုံဝန်းအတွင်းတွင် ယနေ့နံနက် ၁၀ နာရီအချိန်က ကျောက်မဲခရိုင်အတွင်းရှိ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ၏ စွမ်း‌ရည်ပြိုင်ပွဲကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲ ဖွင့်ပွဲတွင် ကျောက်မဲခရိုင်၊ ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးစိုးထွန်းက တက်ရောက်အမှာစကားပြောကြားခဲ့ပြီး ပြိုင်ပွဲဝင်ကြက်ခြေနီတပ်ဖွဲဝင်များအတွက် ငွေကျပ် ၈၀၀၀၀/- ထောက်ပံ့ပေးအပ်ခဲ့သည်။

ယင်းနောက် ပရဟိတမင်းခေါင် ရှာဖွေကယ်ဆယ်ရေးအဖွဲ့မှ ကိုကျော်‌ကျော်ဦးက နည်းပညာမြင့်ရှာဖွေကယ်ဆယ်ရေးပစ္စည်းများ အသုံးပြုပုံများကို သရုပ်ပြရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့သည်။

ထို့နောက် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ၏ တစ်ဦးချင်းစွမ်းရည်များ၊ နှစ်ယောက်တွဲစွမ်းရည်များ၊ ကြက်‌ခြေနီတပ်ဖွဲ့၏ကျင့်ဝတ်များ(ရေး‌ဖြေ)တို့ကို အဓိကထားစစ်ဆေးယှဉ်ပြိုင်စေခဲ့ပြီး အဆိုပါပြိုင်ပွဲမှ  ထူးချွန်သူများကိုပြန်လည်ရွေးချယ်၍ လားရှိုးပြည်နယ် ကြက်ခြေနီရုံးခွဲတွင် ဆက်လက်သွားရောက် ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။ 

အဆိုပါပြိုင်ပွဲသို့ ကျောက်မဲခရိုင်အတွင်းရှိ ကျောက်မဲမြို့နယ်၊ သီပေါမြို့နယ်၊ နောင်ချိုမြို့နယ်များမှ ကြက်ခြေနီတပ်ဖွဲ့ဝင် (၅) ဦးစီ ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။ 

မိုင်းထွန်း(ပြန်/ဆက်)