ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၂၀)ကြိမ်မြောက်ပုံမှန်အစည်းအဝေး(ပထမနေ့)ကျင်းပ

တောင်ကြီး                စက်တင်ဘာ  ၃

ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၂၀)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ပထမနေ့)ကို ၂၀၂၀ပြည့်နှစ် ယမန်နေ့ နံနက် (၁၀)နာရီက ရှမ်းပြည်နယ်လွှတ်တော်ရုံး အစည်းအဝေးခန်းမ ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ် တရားလွှတ်တော်တရား သူကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များနှင့် တပ်မတော်သား ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ တက်ရောက်ကြ ကြောင်းသိရသည်။

ရှေးဦးစွာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက အစည်းဝေးတွင်တက်ရောက်ခွင့်ရှိသူ လွှတ်တော် ကိုယ်စားလှယ် ( ၁၃၉ ) ဦး ရှိသည့်အနက် ခွင့်ပန်ကြားသူ( ၂၀ )ဦးရှိပြီး အစည်းအဝေးသို့ (၁၁၉)ဦး တက်ရောက်သဖြင့် ( ၈၅.၆၁)%  ရှိသောကြောင့် အစည်းအဝေး အထမြောက်ကြောင်းနှင့် (ပထမနေ့) အစည်းအဝေး စတင် ကျင်းပ ကြောင်းကြေညာသည်။

ယင်းနောက် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံးဆိုင်က နှုတ်ခွန်းဆက်စကားပြောကြားပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ပြည်နယ်လွှတ်တော်သို့ မိန့်ခွန်း ပြောကြားကာ  ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်()ဦးမှ ကြယ်ပွင့်ပြမေးခွန်း (၁၂)ခု မေးမြန်း ခြင်း ဆောင်ရွက်ရာတွင် သက်ဆိုင်ရာပြည်နယ်အစိုးအဖွဲ့ဝင် ဝန်ကြီးများက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။

ထို့နောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ်က အဆိုပြုသော ရှမ်းပြည်နယ်အဆင့်အဖွဲ့အစည်းဝင် ပုဂ္ဂိုလ် များဖြစ်သော “ရှမ်းပြည်နယ် တရားလွှတ်တော် တရားသူကြီး(၂)ဦး” ဖြစ်သည့် ဒေါ်စန္ဒာအောင်နှင့် ဦးအောင်သိန်းတို့၏ အမည်စာရင်းကို လွှတ်တော်သို့ ကြေညာခဲ့ပြီး “ ရှမ်းပြည်နယ်တရားလွှတ်တော် တရားသူကြီး များ” အဖြစ် အမည်စာရင်းတင်သွင်းထားသည့် ပုဂ္ဂိုလ်များနှင့်စပ်လျဉ်း၍ ကန့်ကွက်လိုသည့် လွှတ်တော် ကိုယ်စားလှယ်များ အမည်စာရင်းတင်သွင်းနိုင်ကြောင်းလွှတ်တော်ဥက္ကဋ္ဌက ကြေညာသည်။

၎င်းနောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်(ခ) ဦးစိုးကြီးမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ ရှမ်းပြည်နယ်ဒေသန္တရ စီမံကိန်း ဥပဒေ(မူကြမ်း)နှင့်  ၂၀၂၀-၂၀၂၁ခု ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ်၏ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေ(မူကြမ်း)တို့အား လွှတ်တော်သို့ တင်သွင်းရာ ယင်းဥပဒေ(မူကြမ်း)များနှင့်စပ်လျဉ်း၍ စက်တင်ဘာ (၄)ရက် (သောကြာနေ့)တွင် ဆွေးနွေး မည်ဖြစ်ပြီး ဆွေးနွေးလိုသည့်ကိုယ်စားလှယ်များရှိပါက ယနေ့ညနေ (၅)နာရီ နောက်ဆုံးထား၍ ပြည်နယ်လွှတ်တော် ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်းများကို ပေးသွင်းနိုင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌ က ကြေညာသည်။

ယင်းနောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ်က အဆိုပြုသော “ရှမ်းပြည်နယ်တရားလွှတ်တော် တရားသူကြီး (၂)ဦး”၏ အမည်စာရင်းနှင်စပ်လျဉ်း၍ လွှတ်တော်၏သဘောထားရယူရာ လွှတ်တော်က သဘောတူသဖြင့် ရှမ်းပြည်နယ်တရားလွှတ်တော် တရားသူကြီး (၂)ဦး ဖြစ်သည့် ဒေါ်စန္ဒာအောင်နှင့် ဦးအောင်သိန်းတို့အား ရှမ်းပြည်နယ်တရားလွှတ်တော်တရားသူကြီးများအဖြစ် ခန့်အပ်တာဝန်ပေးခြင်းကို လွှတ်တော်က သဘောတူကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာသည်။

ဆက်လက်၍ နမ္မတူမြို့နယ် မဲဆန္ဒနယ် အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းစံဟွမ်က “ရှမ်းပြည်နယ်အတွင်း စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုကို ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ လက်ရှိ ထက်ပိုမိုကောင်းမွန် သောစနစ်ဖြင့် ရေတို ရေရှည်စီမံချက်များချမှတ်ကာ အလေးထားဆောင်ရွက်ပေးရန် တိုက်တွန်းကြောင်း” အဆိုတင်သွင်းရာ သိန္နီမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းခင်ထားရီက ထောက်ခံဆွေးနွေးပြီး အဆိုနှင့်စပ်လျဉ်း၍ လက်ခံ ဆွေးနွေးရန် သင့်/မသင့် လွှတ်တော်၏ သဘောထားရယူရာ လွှတ်တော်ကသဘောတူသဖြင့် ၎င်းအဆိုကို စက်တင်ဘာလ (၃)ရက် (ကြာသပတေးနေ့)တွင် ဆွေးနွေးသွားမည်ဖြစ်ကြောင်းနှင့် ဆွေးနွေးလိုသည့် ကိုယ်စားလှယ်များရှိပါက ယနေ့ညနေ (၅)နာရီ နောက်ဆုံးထား၍ ပြည်နယ်လွှတ်တော်ရုံး ဒုတိယ ညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်း ပေးသွင်းနိုင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌကကြေညာသည်။

ထို့နောက် မိုင်းပန်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းနောင့် က “ရှမ်းပြည်နယ်ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ကျန်းမာရေးဝန်ဆောင်မှုများကို ပြည်သူ များအဆင်ပြေစွာရရှိနိုင်ရန် အစိုးရနှင့်ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်နိုင်မှု မြှင့်တင်ခြင်း” အဆိုတင်သွင်းရာ မိုင်းယန်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလှိုင်ခမ်းက ထောက်ခံ ဆွေးနွေးပြီး အဆိုနှင့်စပ်လျဉ်း၍ လက်ခံ ဆွေးနွေးရန်သင့်/မသင့် လွှတ်တော်၏ သဘောထားရယူရာ လွှတ်တော်ကသဘောတူသဖြင့် ၎င်းအဆိုကို စက်တင်ဘာလ(၃)ရက် (ကြာသပတေးနေ့)တွင် ဆွေးနွေး သွားမည်ဖြစ်ကြောင်းနှင့် ဆွေးနွေးလိုသည့်ကိုယ်စားလှယ်များရှိပါက ယနေ့ညနေ (၅)နာရီ နောက်ဆုံး ထား၍ ပြည်နယ်လွှတ်တော်ရုံး ဒုတိယ ညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်း ပေးသွင်းနိုင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌကကြေညာသည်။

ယင်းနောက် ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော်(၂၀) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ပထမနေ့)ကို ညနေ ()နာရီတွင် ရပ်နားပြီး အစည်းအဝေးဒုတိယနေ့အား (၃-၉-၂၀၂၀)ရက်နေ့ နံနက် (၁၀)နာရီအချိန်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရသည်။

                           

 ပြည်နယ် ပြန်/ဆက်