လင်းခေးမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်း ဆောင်ရွက်

လင်းခေး  ဧပြီ  ၂၆

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ လင်း‌ခေးမြို့နယ် ဝမ်ဟတ်ကျေးရွာအုပ်စု၊ နားကုန်း၊ မအွန်လောင်းနှင့် ဝမ်တိန်းကျေးရွာအုပ်စုရှိ ကျေးရွာနေပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် (First dose) ထိုးနှံပေးခြင်းကို ယနေ့နံနက် ၈နာရီက လင်းခေးမြို့နယ်၊ ဝမ်ဟတ်ဆေးရုံ၌ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

 အဆိုပါ ထိုးနှံပေးရာတွင် ဖော်ပြပါကျေးရွာအုပ်စုများအတွင်းရှိ ကျေးရွာ(၃၀)မှ ပြည်သူ လူထုအမျိုးသား(၁၅၆)ဦး၊ အမျိုးသမီး(၁၀၃)ဦး စုစုပေါင်း(၂၅၉)ဦးတို့ လာရောက်ထိုးနှံ ခဲ့ကြသည်။

ထိုသို့ ထိုးနှံပေးသည့်နေရာသို့ လင်းခေးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ် အုပ်ချုပ် ရေးမှူး ဦးမြို့ဆောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မြို့နယ်ရုံးမှတာဝန်ရှိသူတို့က လာရောက်ကြည့်ရှု အားပေးခဲ့ကြပါသည်။

ယနေ့ ထိုးနှံပေးခဲ့သော ပြည်သူ (၂၅၉)ဦးသည် ယခင်က လုံးဝထိုးနှံထားခြင်း မရှိသေးသော အသက် ၁၈နှစ်အထက် ကျေးရွာသူ၊ ကျေးရွာသားများအား မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၊ မြို့နယ်ကုသရေးနှင့် ကျန်းမာရေး ဦးစီးဌာမှ တာဝန်ရှိသူများ၊ကျေးရွာအုပ်ချုပ်ရေးမှူးများ ပူးပေါင်းအစီအစဉ်ဖြင့် ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြခြင်းဖြစ်ကြောင်း တာဝန်ရှိသူထံမှ သိရသည်။

စိုင်းဇော်လတ်(လင်းခေး)