တိုက်ကြီးမြို့နယ်အတွင်းရှိ ဆင်စခန်းကျေးရွာနှင့်ကျောင်းစုကျေးရွာတို့၌ VRFP စီမံကိန်းလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

ထန်းတပင် ဧပြီ ၂၆

ရန်ကုန်မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများနှင့် မိသားစုဝင်ငွေတိုးပွားလာပြီး အသေးစားစက်မှုလုပ်ငန်းများ တိုးလာစေရန်ရည်ရွယ်၍ ဆင်စခန်းကျေးရွာနှင့် ကျောင်းစု ကျေးရွာတို့တွင် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP)ဖြင့် ဆောင်ရွက်ထားသော လုပ်ငန်းများကို ယနေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ထို့သို့ကွင်းဆင်းစစ်ဆေးရာတွင် တိုက်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်စုသီတာလင်း၊ စီမံကိန်းတာဝန်ခံနှင့်ရွာတာဝန်ခံများက ဆင်စခန်းကျေးရွာနှင့် ကျောင်းစုကျေးရွာတို့တွင် ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်းလည်ပတ် ရန်ပုံငွေဖြင့် ဆောင်ရွက်ထားသောစိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများနှင့် လအလိုက်ဖြည့်သွင်းရမည့်ငွေစာရင်းပုံစံများ ပြည့်စုံမှုရှိမရှိ စစ်ဆေးဆောင်ရွက်ခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဆင်စခန်းကျေးရွာ၌ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်းကို ၂၀၁၉ - ၂၀၂၀ခု ဘဏ္ဍာရေးနှစ်မှ စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး Type-1 အဆင့်ဖြင့် ယခုအခါဒုတိယအကြိမ်အဖြစ် စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ(၇၁)ဦး၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ(၁၉)ဦး၊ အရောင်းအဝယ်လုပ်ကိုင်သူ(၁၀)ဦး၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းလုပ်ကိုင်သူ(၂)ဦး စုစုပေါင်းအသင်းသား၊ အသင်းသူ(၁၀၂)ဦးကို ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်းလည်ပတ် ရန်ပုံငွေကျပ်(၂၉.၉)သန်းထိ ထုတ်ချေးထားပြီးဖြစ်ကြောင်းနှင့် ကျောင်းစုကျေးရွာတွင်လည်း ကျေးရွာမတည်ရန်ပုံငွေစီမံကိန်းကို ၂၀၁၉-၂၀၂၀ခုဘဏ္ဍာရေးနှစ်မှစတင် အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ပြီး Type-2 အဆင့်ဖြင့် ယခုအခါဒုတိယအကြိမ်အဖြစ်စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူ(၅၀)ဦး၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ(၁)ဦး၊ အရောင်းအဝယ် လုပ်ကိုင်သူ (၃)ဦး၊ စုစုပေါင်းအသင်းသား၊ အသင်းသူ(၅၄)ဦးကို ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း လည်ပတ်ရန်ပုံငွေကျပ်(၁၉.၉)သန်းထိ ထုတ်ချေးထားပြီဖြစ်ကြောင်း တိုက်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်စုသီတာလင်းထံမှ သိရသည်။

ဇင်မင်းထိုက်(ထန်းတပင်)