ဖယ်ခုံမြို့နယ်၌ ကိုဗစ်-၁၉ ကာလအတွင်း လက်ဘက်ရည်ဆိုင်များ၊ စားသောက်ဆိုင်များအတွက် ချေးငွေထုတ်ချေးရန် စာရင်းကောက်ယူ

ဖယ်ခုံ  စက်တင်ဘာ  

ရှမ်းပြည်နယ်(တောင်ပိုင်း) ဖယ်ခုံမြို့နယ်၌ ကိုဗစ်-၁၉ ကာလအတွင်း ထိခိုက်နစ်နာခဲ့သော လက်ဘက်ရည်ဆိုင်များနှင့် စားသောက်ဆိုင်များအတွက် အထူးသက်သာသော အတိုးနှုန်းဖြင့် ချေးငွေထုတ်ချေးရန် ယနေ့နံနက်ပိုင်းက ကွင်းဆင်းစာရင်းကောက်ယူခဲ့ကြောင်း သိရှိရသည်။

ကိုဗစ်ကာလအတွင်း ထိခိုက်နစ်နာခဲ့တဲ့ လက်ဘက်ရည်ဆိုင်နဲ့ စားသောက်ဆိုင်တွေကို နိုင်ငံတော် အစိုးရကနေပြီးတော့ အလွန်သက်သာတဲ့ အတိုးနှုန်းနဲ့ Pact Global Microfinance Fund(PGMF) ကနေတဆင့် ချေးငွေချေးပေးဖို့ ဆောင်ရွက်နေတာပါ။ ကျန်တဲ့လုပ်ငန်းတွေအတွက်တော့မရပါဘူး။ ချေးငွေသက်တမ်းကို ၁၂ ထားပေးပါတယ်။ ပြန်ဆပ်ရမှာကတော့ ဆိုင်းငံ့သုံးလ နောက်ပြီး သုံးလတစ်ကြိမ်အရင်းပေးဆပ်ရမှာ ဖြစ်ပါတယ်ဟု PGMF မှ မြို့နယ်ယူနစ်မန်နေဂျာ ဦးပါစီက ပြောကြားခဲ့သည်။

အဆိုပါချေးငွေထုတ်ချေးပေးရန်အတွက် စိစစ်ရေးကော်မတီမှ လက်ဘက်ရည်ဆိုင်များ၊ စားသောက် ဆိုင်များသို့ သွားရောက်စိစစ်ခြင်း၊ မေးမြန်းခြင်း၊ အချက်အလက် ကောက်ခံခြင်း များ ဆောင်ရွက်လျက်ရှိပြီး အထူးချေးငွေရယူလိုသူများ စာရင်းကို ကောက်ယူလျက်ရှိကြောင်း သိရှိရသည်။

ဖယ်ခုံမြို့နယ်အတွင်း ဟိန်ဓမ္မ၊ ဈေးရှေ့၊ ဈေးနောက် မြို့ကုန်းရပ်ကွက်နှင့် နောင်လိုင်ကျေးရွာအုပ်စုရှိ လက်ဘက်ရည်ဆိုင်နှင့် စားသောက်ဆိုင်များကို Pact Global Microfinance Fund(PGMF) ကနေတဆင့် ချေးငွေချေးပေးမည်ဖြစ်ပြီး ကျန်ရှိသောရပ်ကွက်/ ကျေရွာအုပ်စုများတွင် အခြား အဖွဲ့အစည်းများမှ တာ၀န်ယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ကိုထွေး(ဖယ်ခုံ)