ကြာအင်းဆိပ်ကြီးမြို့နယ်၌ အခြေခံပညာသင်ရိုးသစ် G-5 ဗဟိုအဆင့် (TOT) Online သင်တန်းဖွင့်လှစ်

ကြာအင်းဆိပ်ကြီး ဧပြီ ၂၁

ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနမှ အခြေခံပညာမူလတန်းအဆင့်သင်ကြားသည့် ဆရာ၊ဆရာမများအား မြို့နယ်အဆင့် ဆင့်ပွားသင်တန်းများ၌ နည်းပြများအဖြင့် ပြန်လည်သင်ကြားပို့ချနိုင်ရေးအတွက် အခြေခံပညာသင်ရိုးသစ် G-5 ဗဟိုအဆင့် (TOT) Online သင်တန်းကို ယမန်နေ့ နံနက်ပိုင်းအချိန်မှစတင်၍ သင်တန်းဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါသင်တန်းအား ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ အခြေခံပညာမူလတန်းကျောင်းများမှ နည်းပြအဖြစ် ဆင့်ပွားသင်တန်းပြန်လည်ပို့ချမည့် ဆရာ/ဆရာမများမှ Online စနစ်ဖြင့် ဖွင့်လှစ်ပို့ချပေးမည့် ကြာအင်းဆိပ်ကြီးမြို့ အခြေခံ ပညာအထက်တန်းကျောင်း ပညာတန်ဆောင်ခန်းမ၌ တက်ရောက်သင်ကြားလျက်ရှိရာ သင်တန်းဖွင့်ပွဲ ယမန်နေ့နံနက်ပိုင်းက မြို့နယ်ပညာရေးမှူးဦးမြင့်ထွန်းမှ အခြေခံပညာ သင်ရိုးသစ် G-5 သင်တန်း ဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ဆရာ ဆရာမများအနေဖြင့် ဆင့်ပွားသင်တန်းများ၌ နည်းပြများအဖြင့် ပြန်လည်သင်ကြားပို့ချ ပေးနိုင်စေရေးအတွက် စိတ်ဝင်တစား အလေးထားဂရုစိုက်၍ သင်တန်းအား တက်ရောက် သင်ယူစေလိုကြောင်း ပြောကြားသည်။

အဆိုပါသင်တန်းအား ဧပြီလ(၂၀)ရက်နေ့မှ ဧပြီ(၂၅)ရက်နေ့အထိ (၆) ရက်ကြာ သင်တန်း ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ပြီး ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ အခြေခံပညာမူလတန်း ကျောင်းများမှ ကျောင်းအုပ်ဆရာကြီး ဆရာမကြီးများ (၁၀၈)ဦး တက်ရောက်လျက်ရှိပြီး မြို့နယ်အဆင့်အခြေခံပညာသင်ရိုးသစ် ဆင့်ပွားသင်တန်းကို မေလ(၁၀)ရက်နေ့မှ မေလ (၁၃)ရက်နေ့အထိ ကြာအင်းဆိပ်ကြီးမြို့ အ-ထ-က ကျောင်း၊ တံခွန်တိုင်ကျေးရွာအုပ်စု တံခွန်တိုင်ကျေးရွာ အ-ထ-က ကျောင်းနှင့် ကျိုက်ဒုံမြို့ အ-ထ-က ကျောင်းများတွင် (၄)ရက် ကြာ သင်တန်းဖွင့်လှစ်ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မျိုးမင်းဦး