ဗန်းမော်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်သင်ရိုးသစ် Grade-5 ဗဟိုအဆင့်နည်းပြ (TOT) Online သင်တန်းဖွင့်လှစ်

ဗန်းမော် ဧပြီ ၂၁

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့နယ် ပညာရေးမှူးရုံးခန်း၌ အခြေခံပညာရေး    သုတေသနစီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ နေပြည်တော်မှ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် သင်ရိုးသစ် Grade-5 ဗဟို အဆင့်နည်းပြ (TOT) Online သင်တန်းကို ယမန်နေ့ နံနက် ၉ နာရီက တစ်နိုင်ငံလုံး တစ်ပြိုင်နက် ဖွင့်လှစ်ခဲ့ရာ ဗန်းမော်မြို့နယ်မှ ဆရာ/ဆရာမ ၃၀ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ Online သင်တန်းကို ဗန်းမော်မြို့နယ် ပညာရေးမှူး ဦးလဆန်၏ ကြီးကြပ်မှုဖြင့် ဗန်းမော် မြို့နယ်အတွင်းရှိ ဆရာ/ဆရာမများက ဧပြီ ၂၀ ရက်မှ ၂၅ ရက်နေ့အထိ တက်ရောက် သင်ကြား လျက်ရှိပြီး သင်တန်းပြီးဆုံးပါက လာမည့်မေလအတွင်း ဗန်းမော်မြို့နယ်အတွင်းရှိ အခြေခံထက်/ လယ်/မူ ကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများ၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများရှိ ဆရာ/ ဆရာမ(၄၄၈)ဦးကို ဆင့်ပွားပြန်လည်ပို့ချသွားမည်ဖြစ်ကြောင်းနှင့် ဆရာ/ဆရာမများ အရည်အသွေး မြင့်မားလာစေရန်၊ ဘာသာရပ်များကို စနစ်တကျ လေ့လာသင်ကြားပေးနိုင်ရန် ရည်ရွယ်၍ အဆိုပါ သင်တန်းကို ဖွင့်လှစ်ခြင်းဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ဗန်းမော်(ပြန်/ဆက်)