စုကလိ ဧပြီ ၂၁
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိမြို့၌ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရေးအတွက် ကြိုတင်ကာကွယ်ရေး အသိပေးချက်များနှင့် အိုမီခရွန် ကူးစက်မြန်ရောဂါ အကြောင်းနှင့်ကာကွယ်ဆေးထိုးနှံကြရန် နှိုးဆော်မှုများအား စဉ်ဆက်မပြတ် ဆောင်ရွက် လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက ရပ်ကွက်များအတွင်း (Hand Speaker) ဖြင့် လိုက်လံနှိုးဆော်ခဲ့သည်။
ထိုသို့နှိုးဆော်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ရောဂါ ကူးစက်မှုမရှိစေရန်နှင့် ထိထိရောက်ရောက် ကာကွယ်နိုင်ရန် မိမိနေအိမ်များတွင်သာ နေထိုင်ကြရန်၊ အရေးကြီးကိစ္စကြောင့် ပြင်ပသို့ ထွက်ခွာပါက နှာခေါင်းစည်းကို စနစ်တကျတပ်ရန်၊ နှာခေါင်းစည်း မတပ်သူများနှင့် တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ ဈေးဝယ်ခြင်းမှ ရှောင်ကြဉ်ရန်၊ တစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း လက်ကိုဆပ်ပြာနှင့် စက္ကန့် ၂၀ ကြာအောင် စနစ်တကျဆေးရန်နှင့် မိမိတို့၌ ရောဂါပိုး ကူးစက်ခံရသည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ မပျက် မကွက် စစ်ဆေးကုသမှုခံယူရန်စသည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး အသိပေးချက်များနှင့် ကိုဗစ်-၁၉ရောဂါကို ထိထိရောက်ရောက် ကာကွယ်နိုင်ရန်အတွက် ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး မဖြစ်မနေ ထိုးနှံကြရန်ကို (Hand Speaker) ဖြင့် လိုက်လံ နှိုးဆော်ခဲ့ကြောင်း သိရသည်။
စုကလိမြို့၌ ကိုဗစ်-၁၉ရောဂါ ကူးစက်မှုမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် အသိပေးချက်များနှင့် ကာကွယ်ဆေးထိုးနှံကြရန် အသိပညာပေးနှိုးဆော်ခြင်းများကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက နေ့စဉ်အသိပညာပေး လိုက်လံနှိုးဆော်လျက်ရှိကြောင်း သိရသည်။
ပိုပိုအောင်(ပြန်/ဆက်)